BREAKING
February 26, 2025

ဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် တော်ဝင်ဥပဒေပြင်ဆင်ရေးနှင့် ပက်သက်၍ ငြင်းခုံနေ

July 13, 2023

photo - Thai Enquirer

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ရွေးကောက်နိုင်ရေး ကျင်းပနေသော လွှတ်တော်အတွင်း တော်ဝင်ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အနိုင်ရ Move Forward ပါတီနှင့် အတိုက်အခံပါတီများ၊ အထက်လွှတ်တော်အမတ်များ ငြင်းခုံမှုများ ဖြစ်ပေါ်နေကြကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

တော်ဝင်ဥပဒေပုဒ်မ ၁၁၂ သည် ဘုရင်နှင့် ဖိဖုရားများကို ဝေဖန်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သော ဥပဒေဖြစ်သည်။

Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူး Chaitawat Tulathon က ပြည်သူ ရာနှင့်ချီ တရားစွဲခံထားရသည့် တော်ဝင်ဥပဒေကို မပြင်ဆင်နိုင်ပါက နောင်တွင် ပြည်သူများအတွက် ချိန်ကိုက်ဗုံးတစ်ခု ဖြစ်လာမည်ဟု ပြောဆိုခဲ့သည်။

Democrat ပါတီ၏ လွှတ်တော်အမတ် Chaichana Dejdecho က “Move Forward ပါတီက တော်ဝင်ဥပဒေကို ပြင်ဆင်ချင်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ” ဟု မေးခွန်းထုတ်ထားပြီး ဘုရင်စနစ်ကို အဆုံးထိ ကာကွယ်သွားမည်ဟု ဆိုခဲ့သည်။

စစ်တပ်က ခန့်ထားသော အထက်လွှတ်တော်အမတ် Kamnoon Sidhisamarn ကလည်း Move Forward ပါတီ၏ တော်ဝင်ဥပဒေပြင်ဆင်ပေးဖို့ ကတိပြုထားခြင်းသည် ပြစ်မှုကျူးလွန်သူများကို အိမ်နောက်ဖေးတံခါးမှ လွတ်ငြိမ်းပေးဖို့ ခွင့်ပြုထားခြင်းနှင့် တူညီနေကြောင်း ပြောဆိုခဲ့သည်။

တော်ဝင်ဥပဒေကို ပြင်ဆင်ခြင်းက ဘုရင်စနစ်၏ အဆင့်အတန်းတစ်ခုကို ပြောင်းပြန်ဖြစ်သွားစေနိုင်ပြီး ကာကွယ်မှု လျော့ကျသွားစေနိုင်ကြောင်း ၎င်းက ဆိုခဲ့သည်။

United Thai Nation ပါတီ၏ လွှတ်တော်အမတ် Satra Sriparn က ဘုရင်စနစ်အတွက် သေဖို့ အဆင်သင့်ဖြစ်နေသော ပြည်သူများရှိကြောင်း ထို့ကြောင့် တော်ဝင်ဥပဒေကို မပြင်ဆင်ဖို့ တောင်းပန်ကြောင်း ပြောကြားသွားခဲ့သည်။

Bhumjai Thai ပါတီ၏ လွှတ်တော်အမတ် Chada Thaiseth က တော်ဝင်ဥပဒေကို ပြင်ဆင်ရန် ကြိုပမ်းမှုကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါက Move Forward ပါတီခေါင်းဆောင် ပီထာကို ထောက်ခံပေးမည်ဟု ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်လောင်းဖြစ်သူ ပီထာက ဥပဒေပြင်ဆင်မှုသည် ညွန့်ပေါင်း ၈ ပါတီက သဘောတူလက်မှတ်ရေးထိုးထားမှုတွင် မပါဝင်ကြောင်း ဆိုခဲ့သည်။

ဝန်ကြီးချုပ်လောင်းအတွက် လွှတ်တော်အတွင်း မဲပေးမှုသည် ယနေ့ညနေ ၅ နာရီခန့်တွင် ဖြစ်နိုင်ကြောင်း သတင်းများတွင် ခန့်မှန်းဖော်ပြထားသည်။

Ref: Thai Enquirer, Khaosod English