BREAKING
February 23, 2025

Home Stay နေသူများကို ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထပ်ပေါ်လာ

July 13, 2021

ကိုဗစ်ကပ်ဘေးကြောင့် Home Stay နေအိမ်တွင်နေထိုင်သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထားဝယ်မြို့တွင် ထပ်ပေါ်လာခဲ့သည်။

ကိုဗစ်ကူးစက်ခံရသူများ၊ ထိတွေ့ဆက်စပ်သူများနှင့် ကိုဗစ်ကူးစက်ခံရမည်စိုး၍ အပြင်မထွက်ဘဲ နေအိမ်တွင်သာ နေထိုင်လို သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးရန် စီစဉ်နေကြောင်း သိရသည်။

ထားဝယ်မြို့ရှိ ရွှေဝယ်-A ဒေသထွက် စားစရာများနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး အိမ်အရောက် ရောင်းဝယ်ရေးလုပ်ငန်းက ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် လုပ်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

Dream Journey ကော်ဖီဆိုင်ကလည်း မိသားစုအားလုံး ကိုဗစ်ကူးစက်ခံရသူများကို အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်လုပ်ဆောင်နေသည်။

လက်ရှိတွင် ရွှေဝယ်-A လုပ်ငန်းအနေဖြင့် ဈေးဝယ်ယူပို့ဆောင်ပေးရန် အသေးစိတ်စီစဉ်နေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ ပိုင်ရှင်များအနက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ပစ္စည်းဖိုးကို မှာယူသူက ကျခံရမည်ဖြစ်ပြီး ဈေးဝယ်ပေးခြင်းနှင့် ပို့ဆောင်ပေးခြင်းတို့အတွက် အခမဲ့ ကူညီပေးခြင်းဖြစ်သည်။

“အဓိကလုပ်ဖြစ်တာကတော့ ကိုဗစ်ကူးစက်မှုတွေတတ်နိုင်သမျှ လျော့ချအောင် ရည်ရွယ်တာ ခင်ဗျား၊ ခက်ခဲနေတဲ့သူတွေကို အချင်းချင်းရိုင်းပင်းကူညီတဲ့ သဘောပါ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထားဝယ်တွင် ယင်းကဲ့သို့ဈေးဝယ်ပေးသည့် ကူညီမှှုကို ပထမဆုံးလုပ်ဆောင်ခဲ့သည့် Dream Journey ကော်ဖီဆိုင်ထံ အကူအညီတောင်းလိုပါက ၀၅၉၂၀၂၃၂၅၇ ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။