BREAKING
November 25, 2024

အိန္ဒိယ မဘသ မိုဒီ

June 13, 2024

၂၀၂၄ ခုနှစ် ဧပြီလနေ့တစ်နေ့။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတစ်နေရာက ညကောင်းကင်အောက်မှာ ဆယ်ကျော်သက်ကောင်လေးတစ်စုဟာ သူတို့ ကိုးကွယ်ယုံကြည်တဲ့ ဟိန္ဒူဘာသာကို ကာကွယ်ဖို့ သက္ကတဘာသာစကားနဲ့ ဆုတောင်းစကားကို ရွတ်ဆိုနေကြပါတယ်။

“ဟိန္ဒူဘာသာဝင်အားလုံးသည် မိခင်အိန္ဒိယ၏ ရင်သွေးများ ဖြစ်သည်။ ကျွန်ုပ်တို့ ဟိန္ဒူဘာသာဝင်အချင်းချင်း တစ်ဦးအပေါ် တစ်ဦး တန်းတူညီမျှစွာ ဆက်ဆံရန် သစ္စာအဓိဌာန်ပြုပါ၏။ ကျွန်ုပ်တို့၏ ဟိန္ဒူဘာသာကို ကာကွယ်ရန် သစ္စာအဓိဌာန်ပြုပါ၏”

ညကောင်းကင်အောက်က ကောင်လေးတွေဟာ သူတို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဟိန္ဒူလက်ယာစွန်းအမျိုးသားရေး အဖွဲ့တစ်ဖွဲ့ကနေ နှုတ်တိုက်ချပေးထားတဲ့ သစ္စာအဓိဌာန်ကို ရွတ်ဆိုနေကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က အိန္ဒိယနိုင်ငံမှာ တနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားသွားစေတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး ငါးလအကြာ…။

၁၉၄၈ နှစ်ဆန်းပိုင်းရဲ့ သွေးစွန်းသောကြာ နေ့တစ်နေ့…။

ဟိန္ဒူအမျိုးသားရေးအစွန်းရောက်ဝါဒီတစ်ယောက်ဟာ လူထုပရိသတ်ဗိုလ်ပါအကြားမှာ မဟတ္တမဂန္ဒီရဲ့ ရင်အုံထဲကို ကျည်ဆန်သုံးတောင့် ပစ်သွင်းလိုက်ပါတယ်။

နောက်ပိုင်း လူတွေ သိပ်သတိမထားမိတဲ့အချက်က အိန္ဒိယ တစ်နိုင်ငံလုံးနဲ့ တကမ္ဘာလုံးကို အသည်းခွဲပစ်လိုက်တဲ့ အဲဒီသေနတ်သမားဟာ သစ္စာအဓိဌာန်ရွတ်ဆိုနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ မိခင်အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်နေတာပါပဲ။

ဒီအဖွဲ့အစည်းဟာ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ ရှပ်နက်အဖွဲ့( Black shirts) ကို စံနမူနာယူပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Rashtriya Swayamsevak Sangh(RSS)။

ဒါက အခုပြောနေတဲ့ ဟိန္ဒူအမျိုးသားရေးအစွန်းရောက်အဖွဲ့ရဲ့ နာမည်ဖြစ်ပါတယ်။

လန်ကွတ်တီလေးတစ်ထည်နဲ့ ဂန္ဒီက ဟိန္ဒူ-မွတ်ဆလင် သွေးစည်းညီညွတ်ရေးကို စည်းရုံးဟောပြောနေချိန်မှာ RSS ကတော့ အိန္ဒိယကို ဟိန္ဒူကြီးစိုးတဲ့ နိုင်ငံအဖြစ် အသွင်ပြောင်းဖို့ လိုအပ်လာရင် အင်အားသုံးကြဖို့ လှုံ့ဆော်နေခဲ့ပါတယ်။

လူတွေ သိပ်သတိမထားမိတဲ့အချက်က လက်ရှိအိန္ဒိယနိုင်ငံရဲ့ အာဏာရပ်ဝန်းကို ဆယ်စုနှစ်တစ်ခုစာ အုပ်စီးလာခဲ့တဲ့ BJP ပါတီဟာ RSS ကနေ ပေါက်ဖွားရှင်သန်လာခဲ့တယ် ဆိုတာပါပဲ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော်ကာလကို နောက်ပြန်ဆုတ်ကြည့်ရင် တချိန်မှာ BJP ပါတီကနေ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာမယ့် ဟိန္ဒူလူငယ်လေးတစ်ယောက်ဟာ ဂူဂျာရတ်ပြည်နယ်က သူ့ဇာတိမြို့လေးမှာ စက်ဘီးလေးတစ်စီးနဲ့ RSS အဖွဲ့အတွက် စည်းရုံးဆင်းနေခဲ့တာကို တွေ့ရမှာပါ။

အဲဒီသူကတော့ လောလောလတ်လတ် ပြီးဆုံးသွားတဲ့ ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်တတိယသက်တမ်းအတွက်အနိုင်ရခဲ့တဲ့ နရန်ဒရာမိုဒီပါပဲ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစလို့ ဒီကနေ့အချိန်အထိ ဝန်ကြီးချုပ်သက်တမ်းသုံးကြိမ် ဆက်တိုက်အုပ်ချုပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဆိုလို့ ဂျဝါဟလာနေရူးနဲ့ မိုဒီတို့ နှစ်ယောက်ပဲ ရှိပါတယ်။

မိုဒီဟာ RSS အဖွဲ့ရဲ့ ရာသက်ပန်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ RSS ရဲ့ ပန်းတိုင်က အိန္ဒိယကို ဟိန္ဒူတွေရဲ့ နိုင်ငံ၊ ဟိန္ဒူတွေ အုပ်ချုပ်တဲ့နိုင်ငံအဖြစ် ပြောင်းလဲပစ်ဖို့ ပါပဲ။ မိုဒီရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ရေးခဲ့တဲ့ အိန္ဒိယသတင်းစာဆရာ Nilanjan Mukhopadhyay ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။

“မိုဒီဟာ RSS အိုင်ဒီယိုလော်ဂျီရဲ့ ထုတ်ကုန်တစ်ခုဆိုတာ ရာနှုန်းပြည့်သေချာတယ်”

၂၀၂၄ အိန္ဒိယရွေးကောက်ပွဲဟာ သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲ ဖြစ်ပါတယ်။ ယခင်ရွေးကောက်ပွဲတွေနဲ့စာရင် ရာဟုဂန္ဓီဦးဆောင်တဲ့ အတိုက်အခံအုပ်စုရဲ့ အနိုင်ရလဒ်တွေ သိသိသာသာတိုးတက်လာခဲ့ပေမယ့် ဒီရွေးကောက်ပွဲမှာ‌ ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့ BJPပါတီနဲ့ မဟာမိတ်ပါတီတွေကပဲ အသာရခဲ့ပါတယ်။ မိုဒီဟာ သူ့ရဲ့ ဝန်ကြီးချုပ်ဘဝ တတိယသက်တမ်းကို ဆက်လက်တာဝန်ယူရတော့မှာပါ။

ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုပြင်းထန်တဲ့ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်မျိုးရိုးက ဆင်းသက်လာခဲ့သူ မိုဒီဟာ လက်တွန်းလှည်းနဲ့ လက်ဖက်ရည်ရောင်းတဲ့ဖခင်ရဲ့ သားဖြစ်ပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲမှာ ပထမဆုံး အနိုင်ရခဲ့ချိန်ကစပြီး မိုဒီဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

မိုဒီကို ထောက်ခံသူတွေနဲ့ မနှစ်မြို့ကြသူတွေကြားမှာ တူညီတဲ့ အမြင်တစ်ခု ရှိပါတယ်။ အဲဒါကတော့ မိုဒီဟာ ဟိန္ဒူအမျိုးသားရေးဝါဒကို လူတွေစိတ်ထဲ အဆိပ်ခတ်ပြီး သူ့နိုင်ငံရေးအာဏာအတွက် အသုံးချလာခဲ့တယ်ဆိုတဲ့အမြင်ပါပဲ။

နိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဟိန္ဒူလူများစုရဲ့ ထောက်ခံမှုကိုသာရရင် သူ့အာဏာမြဲလိမ့်မယ်လို့ မိုဒီတစ်ယောက် တွက်ထားပုံရပါတယ်။ ဒါကြောင့်ပဲ သူဟာ ဟိန္ဒူအမျိုးသားရေးဝါဒကို သိဒ္ဓိတင်ပြီး ဟိန္ဒူကြီးစိုးရေးအတွက် သမိုင်းလိမ် ဇာတ်ကွက်ဆင်တာမျိုးတွေအထိ လုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီလက်ထက် ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဘာသာရေးအရ လူနည်းစုအုပ်စုတွေ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် ဖိနှိပ်တိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကမ်ပိန်းတွေမှာတောင် မိုဒီက မွတ်ဆလင်တွေအပေါ် မလိုတမာ ခွဲခြားတိုက်ခိုက် ဟောပြောခဲ့တဲ့အတွက် အဝေဖန်ခံခဲ့ရပါတယ်။

BJP ပါတီရဲ့ အမာခံနယ်မြေလို့ ယူဆခံရတဲ့ ဥတ္တရာပရာဒေ့်ရှ်ပြည်နယ်ဟာ အိန္ဒိယ တစ်နိုင်ငံလုံးမှာ လူဦးရေအများဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ အနိုင်ရတဲ့ပါတီဟာ နယူးဒေလီမှာ ရုံးထိုင်ရလိမ့်မယ်လို့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေက တွက်ဆလေ့ရှိပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ရဲ့ စာသင်ခန်းတစ်ခုမှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ယောက်ဟာ အတန်းရှေ့မှာ မတ်တပ်ရပ်ပြီး ငိုနေခဲ့ပါတယ်။ သူ့အတန်းဖော်ကလေးတွေက သူ့ဆီကို တစ်ယောက်ပြီး တစ်ယောက်ပြီး ပါးရိုက်နေခဲ့ကြပါတယ်။

“မင်းတို့ ဘာလို့ သူ့ကို ဖြေးဖြေးပဲ ရိုက်နေကြတာလဲ။ နာနာလေး ရိုက်ကြစမ်း”

အတန်းချိန်စာရင်းမှားယူလာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းရှေ့မှာ ရပ်နေရတဲ့ သူ့ကို တစ်ယောက်တစ်ချက်စီ ပါးရိုက်ကြဖို့ ဟိန္ဒူဘာသာဝင်ဆရာမဖြစ်သူကိုယ်တိုင်က သူ့အတန်းဖော်ကျောင်းသားတွေကို အမိန့်ပေးနေတာပါ။ ဒါပေမယ့် သူဒီလို အရိုက်ခံနေရတဲ့ တကယ့်ပြစ်မှုက သူဟာ မွတ်ဆလင်တစ်ယောက် ဖြစ်နေရုံပါပဲ။ ဒီဖြစ်ရပ်ဟာ ဝန်ကြီးချုပ်မိုဒီလက်ထက် အိန္ဒိယလူ့အဖွဲ့အစည်းအတွင်း ရင့်ထွားလာနေတဲ့ အစွန်းရောက်ဟိန္ဒူအမျိုးသားရေးဝါဒရဲ့ အစွယ်ကို မီးမောင်းထိုးပြနေပါတယ်။

ဗြိတိသျှလက်အောက်ကနေ မြန်မာနိုင်ငံထက် တစ်နှစ်စောပြီး လွတ်လပ်ရေးရလာခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ဘာသာရေးနဲ့ နိုင်ငံရေးမရောယှက်တဲ့ ညီမျှလောကီ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံလို့ ကင်ပွန်းတပ်ခံရတဲ့ အိန္ဒိယရဲ့ နိုင်ငံရေးဟာ မိုဒီ အာဏာရလာချိန်ကစပြီး ဒီမိုကရေစီစံနှုန်းတွေက သွေဖယ်ယိုယွင်းလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ ဘာသာရေးအရ လူနည်းစုအုပ်စုတွေဟာ ဒုတိယတန်းစားနိုင်ငံသားတွေလို ဆက်ဆံခံလာခဲ့ရပါတယ်။ အထူးသဖြင့် လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ မွတ်ဆလင်တွေဟာ လူများစုဟိန္ဒူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဒဏ်ကို ပိုခံလာရပြီး သားကောင်ဘဝကို အတင်းလက်ခံလာရအောင် ဖိနှိပ်ခံလာရပါတယ်။ မိုဒီဟာ အိန္ဒိယကို ဟိန္ဒူဘာသာဝင်တွေရဲ့ နိုင်ငံတော်တစ်ခု ဖြစ်လာစေချင်နေပါတယ်။

မိုဒီအာဏာရလာချိန်ကစပြီး အိန္ဒိယမှာ အိန္ဒိယသားမွတ်ဆလင်တွေ အကြမ်းဖက်ခံရတဲ့ ဇာတ်လမ်းတွေက စိတ်ထိခိုက်စရာကောင်းလောက်အောင် ပိုများလာခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ သိသိသာသာ ကျဆင်းလာတဲ့အတွက်ကြောင့်လည်း Freedom House နဲ့ V-Dem တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေက အိန္ဒိယကို တစိတ်တပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံ၊ ရွေးကောက်ပွဲသက်ဦးဆံပိုင်နိုင်ငံ(electoral autocracy) လို့ သတ်မှတ်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း မိုဒီလက်ထက် အိန္ဒိယဟာ ပဉ္စမမြောက်ကမ္ဘာ့အကြီးဆုံးစီးပွားရေးပါဝါတစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုတိုးတက်လာမှုတွေနဲ့ တချိန်တည်းမှာပဲ လူနည်းစုတွေ အထူးသဖြင့် မွတ်ဆလင်တွေအပေါ်မှာ ပြောင်ပြောင်တင်းတင်း ဖိနှိပ်တိုက်ခိုက်မှုတွေ ပိုမြင်လာရပါတယ်။ မွတ်ဆလင်တွေအပေါ် အမုန်းစကားဖြန့်ဝေ တိုက်ခိုက်တာတွေကနေ လူအုပ်ကြီးနဲ့ အမဲဖျက်တဲ့ လုပ်ရပ်တွေအထိ ဖြစ်လာခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်တာ ၊ အတိုက်အခံနိုင်ငံရေးသမားတွေ ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာရတာတွေကြောင့် မိုဒီလက်ထက် အိန္ဒိယရဲ့ ဒီမိုကရေစီဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလို ဖြစ်လာခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ကြပါတယ်။

RSS အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်ပါတီအနေနဲ့ ၁၉၂၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မိုဒီရဲ့ BJP ပါတီဟာ မွတ်ဆလင်တွေကို ဟိန္ဒူတွေလောက် အိန္ဒိယနိုင်ငံသား စစ်စစ်မဖြစ်ဘူးလို့ အမြဲရှုမြင်ခဲ့ပါတယ်။ ဘီဂျေပီပါတီနဲ့ RSS နှစ်ခုစလုံးက အိန္ဒိယကို ဟိန္ဒူတွေရဲ့ နိုင်ငံ ၊ ဟိန္ဒူတွေအတွက် ဖြစ်ရမယ့်နိုင်ငံ ၊ ဟိန္ဒူတွေ အုပ်ချုပ်ရမယ့်နိုင်ငံလို့ ရှုမြင်ပါတယ်။ တစ်ခုတည်းသော ဟိန္ဒူအမျိုးသားရေးဝိသေသသရုပ်လက္ခဏာအောက်မှာ အိန္ဒိယမြေပေါ်က ဟိန္ဒူဘာသာဝင်အားလုံးကို စုစည်းနိုင်ရေးက သူတို့ရဲ့ ပန်းတိုင်ပါပဲ။

အစွန်းရောက်ဟိန္ဒူအမျိုးသားရေးဝါဒီတွေက မွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့ ဥပမာတွေဟာ အိန္ဒိယလွတ်လပ်ရေးမတိုင်ခင်အချိန်ကနေ ပစ္စက္ခ ၂၁ ရာစုအထိ ရှိနေပါတယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလမှာ ဟိန္ဒူအမျိုးသားရေးလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ V.D.Savarkar က သူတို့ဘာသာဝင်တွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ မွတ်ဆလင်တွေဟာ နာဇီဂျာမန်လက်အောက်က ဂျူးတွေလို ဘဝမျိုး ရောက်သွားရလိမ့်မယ်လို့ ပြောင်ပြောင်တင်းတင်း ကြုံးဝါးခဲ့ပါတယ်။ RSS အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ M.S.Golwalkar က ဂျူးတွေကို ဂျာမန်နိုင်ငံတော်ကနေ ဖယ်ရှားသုတ်သင်ပစ်တဲ့ နာဇီတွေရဲ့ လုပ်ရပ်မျိုးကို ဟိန္ဒူဘာသာဝင်တွေ အတုခိုးသင့်တယ်လို့ ပြောခဲ့ဖူးပါတယ်။

မကြာသေးခင် ၂၀၂၁ ခုနှစ်မှာ ဟိန္ဒူအမျိုးသားရေးဝါဒီ ခေါင်းဆောင်တစ်ယောက်က အိန္ဒိယမှာ ရှိနေတဲ့ သန်းနဲ့ချီတဲ့ မွတ်ဆလင်တွေကို သတ်ဖြတ်နိုင်အောင် ပြင်ဆင်ထားကြဖိ့ သူ့နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ဖို့ လက္ခဏာတွေ ပြနေပြီလို့ Genocide Watch လို အဖွဲ့တွေကတောင် သတိပေးခဲ့ရပါတယ်။

အိန္ဒိယဝန်ကြီးချုပ် ဖြစ်မလာခင်က မိုဒီဟာ သူမွေးဖွားရာ ဂူဂျာရတ်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ ဒီအတောအတွင်း ၂၀၀၂ ခုနှစ်မှာ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းကြီး မီးဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ သေဆုံးသူအများစုက မွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကွဲထွက်သွားပြီးနောက်ပိုင်း အိန္ဒိယမြေပေါ်က အဆိုးရွားဆုံး အဓိကရုဏ်းကြီး ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ ဒီဖြစ်ရပ်က မိုဒီရဲ့ ပုံရိပ်ကို အမည်းစက်ထင်နေစေခဲ့ပါတယ်။ ဒါပေမယ့် အင်ဒို-ပစိဖိတ်ဒေသအတွင်း အာဏာစက် ဖြန့်ကျက်လာတဲ့ တရုတ်ကို တန်ပြန်ထိန်းညှိဖို့အတွက် အမေရိကန်နဲ့ အပေါင်းအပါ အနောက်နိုင်ငံတွေကတော့ မိုဒီဦးဆောင်တဲ့ အိန္ဒိယကို အချိုသတ်ပေါင်းနေဆဲပါပဲ။

မိုဒီဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ၂၀၁၄ ကနေ အခု ၂၀၂၄ အထိ ဆယ်စုနှစ်တာကာလအတွင်းမှာ အိန္ဒိယမွတ်ဆလင်တွေဟာ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှု ၊ မွတ်ဆလင်မဟုတ်သူတွေနဲ့ ထိမ်းမြားလက်ထပ်မှု ၊ ဘာသာရေးအားလပ်ရက်ပွဲတော်တွေ ကျင်းပမှု၊ အမဲသားစားမှု ၊ အစိုးရပေါ်လစီတွေကို ဆန့်ကျင်ဆန္ဒပြမှု ၊ ဟိန္ဒူအမျိုးသားရေးဝါဒကြီးထွားလာမှုကို ဝေဖန်ထောက်ပြမှုစတဲ့ အကြောင်းအရာပေါင်းစုံနဲ့ ဟိန္ဒူလူများစုရဲ့ သွေးထွက်သံယို အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်လာခဲ့ပါတယ်။

BJP ပါတီရဲ့ လုပ်ငန်းစဉ်တွေ ရှေ့ဆက်အသက်ဝင်ပြီး အိန္ဒိယဒီမိုကရေစီ ယိုယွင်းခြစားလာတာနဲ့အမျှ ဘာသာရေးအရ လူနည်းစုတွေ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် ခွဲခြားဖိနှိပ်တိုက်ခိုက်မှုတွေကို အတိတ်က အိန္ဒိယမှာ မြင်တွေ့ခဲ့ရသလို ပစ္စုပ္ပန်အိန္ဒိယမှာပါ ပိုမြင်တွေ့လာရမှာ ဖြစ်ပါတယ်။

သူ့လုပ်ရပ်ကြောင့် အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် အဝေဖန်ခံရပြီး စာသင်ကျောင်းကိုပါ ပိတ်ထားလိုက်ရပြီးနောက်မှာ မွတ်ဆလင်ကျောင်းသားကို ပါးရိုက်ခိုင်းခဲ့တဲ့ ဆရာမဟာ ထီမထင်မျက်နှာမထားနဲ့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။

“ကျွန်မ လုပ်ရပ်ကို ကျွန်မ နောင်တမရဘူး။ လူတွေက ကျွန်မနောက်မှာ ရှိတယ်လေ”

Ref: AP, The Washington Post, Time Magazine, The New York Times

ဈာန်ဟိန်း