ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် ဇွန်လ ၁၂ ရက် ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ရပ်ကွက်နေဒေသခံများထံမှ သိရသည်။
စစ်ဆေးရေးဂိတ်မြောက်ဘက် တစ်မိုင်ခန့်အကွာမှ ညနေ ၅ နာရီခန့်တွင် PDF အဖွဲ့တစ်ခုက စတင်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
ဆယ်မိနစ်ဝန်းကျင်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ပြန်လည်ငြိမ်သက်သွားကြောင်း ၎င်းတို့က ဆိုသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့် နေရာတို့ကြားတွင် လယ်ယာလုပ်ငန်းခွင် ဝင်နေသူတို့ ရှိသည့်အတွက် ပစ်ခတ်မှုများဖြစ်သည့်အပေါ် စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အခုက လယ်ထဲဆင်းချိန် ညနေငါးနာရီလောက်ဆို လယ်ထဲမှာ လူတွေရှိတယ်။ ဖားရှာ၊ ငါးရှာသူတွေလည်းရှိတယ်။ မတော်တဆထိခိုက်ကြမှာ စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။
အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်သည် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်က ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
ယင်းနောက် ဇွန်လ ၄ ရက်တွင် အိမ်ရှေ့ပြင် စာသင်ကျောင်း၌ မပေါက်ကွဲဘဲကျန်နေသည့် စစ်ကျန်လက်နက်ပစ္စည်းကို ကျောင်းသားတစ်ဦးက ကိုင်ဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူ ၂၆ဦး ဒဏ်ရာရရှိခဲ့သည်။