BREAKING
October 19, 2024

CI စခန်းများပိတ်ရန် မြန်မာဘက်က ညွှန်ကြားချက် ထွက်မလာသေး၍ ဆက်ဖွင့်နေမည်ဟုဆို

June 13, 2024

ထိုင်းနိုင်ငံရှိ CI စာအုပ်( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရေးစခန်းများကို ပိတ်ရန်အတွက် မြန်မာအစိုးရဘက်က တရားဝင်ညွှန်ကြားစာ ထွက်မလာသေးသဖြင့် ပုံမှန်အတိုင်း ဆက်ဖွင့်သွားရန် စီစဉ်ထားကြောင်း CI ထုတ်ပေးရေးစခန်းများထံမှ စုံစမ်းသိရှိရသည်။

CI စခန်းများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ပြီးခဲ့သော ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။

သို့သော်လည်း လာမည့် ဇွန်လ ၁၆ ရက်နေ့မှ စ၍ CI စာအုပ်ထုတ်ပေးရေးစခန်း ၈ ခုကို ပိတ်သိမ်းပြီး ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆက်လက်ထုတ်ယူရမည်ဟု ထိုင်းဘက်က ညွှန်ကြားစာတစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခဲ့သည်ကို တွေ့ရသည်။

ယင်းသတင်းအပေါ် CI ထုတ်ပေးရေးစခန်းများကို မေးမြန်းရာ မြန်မာဘက်က တရားဝင် ညွှန်ကြားစာ ထွက်မလာသေးကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

CI စခန်းများဖြစ်သော မဟာချိုင်၊ စူရတ်၊ ချွန်ဘူရီနှင့် ဆုန်ခရာခရိုင်ရှိ စခန်းများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မြန်မာဘက်က ဘာမှ ညွှန်ကြားထားခြင်းမရှိသေးကြောင်းသာ ဖြေကြားခဲ့သည်။

လာမည့် ဇွန်လ ၁၆ ရက်နေ့အထိ တရားဝင် ညွှန်ကြားချက် ထွက်မလာသေးပါက စခန်းများကို ပုံမှန်အတိုင်းပင် ဆက်ဖွင့်သွားရန် စီစဉ်ထားပြီး ဆက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း CI စခန်း တာဝန်ရှိသူများက ပြောသည်။

“ကျွန်မတို့ဆီ ဘာမှ ညွှန်ကြားထားတာ မရှိဘူးရှင့် (ပိတ်ဖို့)။ သူတို့ဘက်က ဘာမှ ညွှန်ကြားခြင်းမရှိသေးတော့ ကျွန်မတို့လည်း ပုံမှန်အတိုင်းပဲ ဆက်သွားနေမှာပါရှင့်” ဟု စူရတ်ဌာနီရှိ CI စခန်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ CI စခန်းပိတ်မည်ဟူသော သတင်းမှာ ထိုင်းဘက်က ထုတ်ပြန်ထားသော စာကြောင့်သာဖြစ်ပြီး မြန်မာအစိုးရဘက်က မည်သည့်ညွှန်ကြားချက်မှ မရရှိသေးကြောင်း ချွန်ဘူရီရှိ CI စခန်း တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“ကျွန်တော်တို့ ပြောပြနိုင်တာက ဘာညွှန်ကြားချက်မှ မလာသေးလို့ အရင်လို ဆက်ဖွင့်နေဦးမယ်ဆိုတာပဲ ပြောလို့ရဦးမယ်။ ဘယ်နေ့ ဘယ်ရက်အထိ ဖွင့်မလဲဆိုတာတော့ ကျွန်တော် တို့လည်း အတိအကျ မပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။

CI စခန်းများပိတ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရနောင်းရှိ မြန်မာအလုပ်သမားသံအရာရှိထံသို့ ဖုန်းဆက်မေးမြန်းရာ CI စခန်း သတင်းအချက်အလက်နှင့် ပတ်သက်၍ မသိကြောင်းနှင့် စခန်းတာဝန်ရှိသူများကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံမှူးနှင့် သံအရာရှိများထံသို ဖုန်းဆက်မေးမြန်းရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများအတွက် နေထိုင်ခွင့် ဗီဇာရရှိစေရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကို ခရိုင် ၈ ခုတွင် စခန်းများဖွင့်လှစ်၍ ထုတ်ပေးနေခြင်းဖြစ်သည်။