BREAKING
January 6, 2025

ထားဝယ်အကျဉ်းထောင်ဆေးခန်းမှ တစ်ဦးတည်းသော ဆရာဝန်ရုတ်တရက်ကွယ်လွန်

June 13, 2024

ထားဝယ်အကျဉ်းထောင် ဆေးခန်းတွင် တာဝန်ကျနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါက်တာအောင်မင်းခန့်သည် ယနေ့ ဇွန် ၁၃ ရက်မနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း နီးစပ်သူများထံကသိရသည်။

ဇွန်လ ၁၂ ရက်ညနေပိုင်းက နေမကောင်းသဖြင့် ထားဝယ်မြို့ အမှတ် ၁၂ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

“သူကတော့ ပုံမှန်ကြည့်ရင်တော့ နေကောင်းနေတာပဲ။ သွားသွားလာလာဆိုပေမယ့် အရက်သောက်လို့ ကျန်းမာရေး အရမ်းကောင်းတဲ့အထဲတော့မပါဘူး ။ အခုကတော့ရုတ်တရက်ဖြစ်သွားတယ်” ဟု ၎င်းဆရာဝန်နှင့်နီးစပ်သည့် အကျဉ်သားတစ်ဦး ၏ မိခင်ကပြောသည်။

ဒေါက်တာအောင်မင်းခန့်၏ ရုပ်အလောင်းကို စစ်တပ်ဆေးရုံမှ နေအိမ်လိုင်းခန်းသို့ ယနေ့နေ့လယ်ပိုင်းတွင်ပင် ပြန်သယ်ယူလာခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ထားဝယ်အကျဉ်း‌ထောင် ဆေးခန်းတွင် ဒေါက်တာအောင်မင်းခန့်နှင့်အတူ ဆေးမှူးနှစ်ဦးရှိသည့်အနက် ဆေးမှူးဦးဇော်ဝင်းကို ၂၀၂၃ ဩဂုတ်လတွင် စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် ထောင်ချပြီးနောက် ၂၀၂၄ နှစ်ဆန်းတွင် ပြန်လွတ်လာသော်လည်း ဆေးမှူးအဖြစ် ပြန်တာဝန်ပေးအပ်ခံရခြင်းမရှိခဲ့ပေ။

ကျန်ဆေးမှူးတစ်ဦး လည်း ၂၀၂၄ မတ်လက CDM ပြုလုပ်သွားသဖြင့် ထားဝယ်အကျဉ်းထောင်ဆေးခန်း၌ ယခုလက်ရှိတွင် ဆရာဝန်နှင့် ဆေးမှူး လစ်လပ်နေသည့် အခြေနေတွင်ရှိနေသည်။

ယင်းအပြင် ပြီးခဲ့သည့် မေလကတည်းက ထားဝယ်အကျဉ်းထောင်တွင် ဆေးဝါးပြတ်လပ်မှု အခက်အခဲကြုံနေရသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံကသိရသည်။