တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(ဇွန် ၁၃) ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်အတွက် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာမီးသတ်အနီး၊ ပြည်အေးရွာနှင့် ခြောက်အိမ်စုရွာများအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်အေးရွာက အမျိုးသားတစ်ဦး ဒဏ်ရာရသွားပြီး ယင်းရွာရှိနေအိမ်တစ်လုံးနှင့် သံတိုက်ရွာ မီးသတ်ရုံဘေးရှိ အဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးသွားကြောင်း တကူရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြည်အေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုချမ်းစိုး၏ ခါးတစ်ဝိုက်ကို ဗုံးစထိမှန်ကာ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။
“ဒဏ်ရာကတော့ သိပ်မပြင်းထန်ဘူးပေါ့။ ဗုံးကြဲတာကိုရှောင်ရင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ဗုံးသီး ၁၀ လုံးကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း တကူကျေးရွာဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ဒေသခံပြည်သူများကို ကြောက်စိတ်ဝင်စေရန် ခြောက်လှန့်သည့်သဘောဖြင့် ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ခံက ပြောသည်။
”စကစတပ်က ထင်ရာစိုင်းနေကြတာဖြစ်သလို ပြည်သူ့ကိုကြောက်အောင် တမင်ခြောက်လှန့်တာမျိုးလို့လည်းမြင်တယ်” ဟု ၎င်းက ဆိုသည်။
တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် မတ်လကုန်မှစကာ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့သည်။