လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် ဇွန်လ ၁၃ ရက် ယနေ့ နံနက်ပိုင်းက အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီး အင်အား နှစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ဒေသခံခရီးသွားများကို လာရောက်စစ်ဆေးကြောင်း ၎င်းတို့က ဆိုသည်။
ယင်းသို့စစ်ဆေးပြီးနောက် ယင်းနေရာအနီးရှိ စားသောက်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ဖမ်းဆီးခံရသူများမှာ ကိုအီကြာကွေး၊ ကိုဌေးအောင်၊ ကိုတေဇာကျော်၊ ကိုတို၊ မသင်းသင်းနှင့် မပွင့်ယမုံအောင် (ခေါ်) မီးမုံဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဖမ်းခံရတဲ့သူတွေက စားသောက်ဆိုင်ရောင်းသူနဲ့ ဆိုင်မှာ စားသောက်နေသူတွေပဲ” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူ ခြောက်ဦးထဲတွင် လောင်းလုံးမြို့ပေါ်ရပ်ကွက်က အမျိုးသားတစ်ဦးနှင့် သရက်ချောင်းမြို့နယ်က အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး ကျန်လေးဦးမှာ သဗျာဒေသခံများဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးမှာ အဒေါ်ဖြစ်သူ၏ စားသောက်ဆိုင်တွင် လာရောက် ကူညီလုပ်ကိုင်ပေးနေသူများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယင်းအပြင် ဆိုင်ကယ်နှစ်စီးကိုလည်း သိမ်းဆည်းသွားသည်ဟု ဒေသခံတို့က ဆိုသည်။
အထက်ပါအမျိုးသား၊ အမျိုးသမီး ခြောက်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။
ယမန့်နေညက လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သံများကြားရကြောင်း ဒေသခံတို့က ပြောသည်။