BREAKING
September 19, 2024

ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက် ကားရာနှင့်ချီ ပိတ်ဆို့နေ

May 13, 2024

Photo - Yarmanya Times

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ကားများ ကျေးရွာချင်းဆက် လမ်းဘက်သို့ ရှောင်ပြီးသွားနေသည့်အတွက် ကားရာနှင့်ချီ ပိတ်ဆို့နေကြောင်း ကားသမားနှင့် ဒေသခံတို့က ပြောသည်။

ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မေ ၁၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

လက်ရှိတွင် အိမ်စီးကားများ၊ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများသည် ကျုံအိတ်တံတားကို ရှောင်ပြီး ရွှေရောင်ပြနှင့် မိုးကောင်းကျေးရွာချင်းဆက်လမ်းဘက်က သွားလာနေကြကြောင်း ကားသမားနှင့် ဒေသခံတို့က ဆိုသည်။

အဆိုပါရွာလမ်းသည် ကျဉ်းသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ကာ ကားများ သွားလာမရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

“ရွာလမ်းဖြစ်နေတာ့ လမ်းကျဉ်းတယ်။ တချို့နေရာမှာ ကားကြီးတစ်စီးစာပဲ ရှိတယ်။ ဟိုဘက်ဒီဘက် ခေါင်းချင်းဆိုင် တိုးမရနဲ့ ပိတ်နေတာပါ။ ရှေ့တိုးလည်း မရ နောက်ဆုတ်လည်းမရ။ ကားတန်းကြီးက နည်းတာမဟုတ်ဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုရွာလမ်းဘက်တွင် မေလ ၁၂ ရက်နေ့က သေနတ်ပစ်ခတ်မှုများပါ ရှိနေသည့်အတွက်ကြောင့် သွားလာရာတွင် လုံခြုံမှု မရှိသည့်အခြေအနေရှိကြောင်းလည်း ခရီးသွားတို့ထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မြန်မာပြည်အထက်ပိုင်းနှင့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ အဓိက ဖြတ်သန်းအသုံးပြုသွားလာနေရသည့် လမ်းပိုင်းဖြစ်သောကြောင့် အချိန်မီ ပြင်ဆင်နိုင်ခြင်းမရှိပါက ကုန်စီးဆင်းမှုပါ ရပ်တန့်သွားနိုင်ကြောင်း ကားသမားတို့က ပြောသည်။

ကျုံအိတ်တံတားကို စစ်ကောင်စီ၏ မွန်ပြည်နယ် ဝန်ကြီးချုပ်က မေလ ၁၂ ရက်က သွားရောက်ကြည့်ရှူခဲ့ပြီး ယာယီ လမ်းလွှဲနှင့် မူလပျက်စီးသွားသည့်တံတားနေရာကို ဘေလီတံတားအသစ် အမြန်တည်ဆောက်သွားမည်ဟု ပြောဆိုထားသည်။

“တံတားကို အချိန်မီ မပြင်နိုင်ရန် မလွယ်ဘူး။ ရွာလမ်းက အဆင်မပြေဘူးလေ။ လုံခြုံရေးကလည်း ရှိသေးတယ်။ တံတားကလည်း ပထမအကြိမ်တုန်းကလို တံတားပြင်နေတဲ့အချိန်မှာ တိုက်ခိုက်ခံရတာမျိုး ရှိလာရင်တော့ ကြန့်ကြာဦးမှာပဲ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတား အသုံးပြု၍ မရတော့သဖြင့် မော်လမြိုင်- ရန်ကုန် ရထားစီးသူ ပိုများလာပြီး ထိုင်ခုံနေရာ မရတော့သည့်အထိ ဖြစ်နေသည့်အပြင် လက်မှတ်စျေးများလည်း မြင့်တက်နေကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီဘက်က ကျုံအိတ်တံတားကို အသုံးပြုပြီး လူ၊ လက်နက်၊ ရိက္ခာများသယ်ဆောင်နေသည့်အတွက် စစ်ကောင်စီလမ်းကြောင်းကို ဖြတ်တောက်သည့်အနေဖြင့် တံတားကို မိုင်းခွဲလိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဘက်က သတင်းမီဒီယာတွင် ပြောဆိုထားသည်။

ကျုံအိတ်တံတားကို ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းခန့်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းခွဲခဲ့ပြီး တံတားတစ်ခြမ်းပြိုကျ ပျက်စီးသွားခဲ့သေးသည်။