BREAKING
September 8, 2024

ရဲဘော်ဂျူပီတာနှင့် တွေ့ဆုံခြင်း

May 13, 2024

တနင်္သာရီတိုင်းတွင် တော်လှန်ရေးအားကောင်းနေပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာနေသည်။

ယင်းအပြင် စစ်ကောင်စီ၏ အခိုင်အမာတည်ဆောက်ထားသော စစ်စခန်းများကိုလည်း ဆက်တိုက် သိမ်းပိုက်လာနိုင်သည်။

မေလ ၅ ရက်နေ့က ပဲဒက်စစ်ကောင်စီစခန်းကို သိမ်းပိုက်လိုက်နိုင်မှုမှာ တော်လှန်ရေးအတွက် အရေးကြီးသည့် အလှည့်အပြောင်းဖြစ်သွားစေခဲ့သည်။ တော်လှန်ရေးရဲဘော်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုတက်ကြွလာသလို နယ်မြေစိုးမိုးမှုလည်း ပိုမိုအားကောင်းလာခဲ့သည်။

ယင်းနောက် မေလ ၁၁ ရက်နေ့တွင် တနင်္သာရီနှင့် ဘုတ်ပြင်းနယ်စပ်က 1020 တောင် စခန်းကုန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းကြောင့် ပဲဒက်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရသည့် အခြေအနေနှင့် တနင်္သာရီတိုင်း စစ်ရေးအခြေအနေများကို သိရှိနိုင်စေရန်အတွက် အမှတ်(၃) စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၏ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာနှင့် ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။

DW ။ စစ်တပ်က ကြည်း၊ ရေ၊ လေခုခံနေတဲ့ ကြားက ပဲဒက်စခန်းကို ဘယ်လိုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလဲ။

ဖြေ ။ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာက ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် အဖွဲ့တွေပေါင်းပြီးတော့လုပ်ကြတယ်။ တပ်ရင်းတွေ စစ်ကြောင်းတွေပေါင်းပြီးလုပ်ကြတယ်။ နယ်မြေခံ EROs တွေနဲ့ပေါင်းပြီးလုပ်ကြတယ်။ သူ့ရဲ့နယ်မြေအားသန်မှုနဲ့ သူ့ရဲ့….တာဝန်တွေခွဲဝေပေးတယ်၊ နောက်တစ်ခုက ဒရုန်းပေါ့နော်၊ ဒရုန်းနဲ့ပက်သက်ပြီးတော့လည်း အဖွဲ့တွေပေါင်းပြီးတော့ သေချာကိုစုစည်းပြီးတော့လုပ်ခဲ့တယ်။ နောက်ဆုံးတစ်ချက်ကတော့ စခန်းသိမ်းတဲ့နေရာမှာ Operation ပုံစံနဲ့ ဝင်ပြီးတော့ သိမ်းခဲ့တာပေါ့နော်။ အဲဒီလိုမျိုးရှိတယ်၊ နောက်တစ်ခုက ရေကြောင်းနဲ့ပက်သက်ပြီးတော့ ဒီ Cover တွေအကုန်လုံး အစကတည်းက ချထားတယ်၊ ရေကြောင်းကနေ တက်လာနိုင်ဖို့က သူတို့ထင်သလို ချက်ချင်း မတက်လာနိုင်ဘူး။ အခုမှ မနေ့ (မေ ) ညနေကမှစပြီးတော့ ကမ်းတက်လာနိုင်တဲ့ အခြေအနေပေါ့နော်။

DW ။ စစ်ကောင်စီဘက်ကရော ကြည်း၊ ရေ၊ လေနဲ့ ဘာကြောင့်ခုခံကာကွယ်နေတာလဲ။ စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်တွေအတွက်ပါ ဒီစခန်းက ဘယ်လောက်အရေးပါလဲ။

ဖြေ ။ ဒီအချက်ကတော့ ဒီကောင်က ပလောက်ရဲ့ တန်းမြင့်စစ်သင်တန်းကျောင်းကို ပလောက်နဲ့ ပုလောမြို့နယ်ကို Cover လုပ်တဲ့အဓိကထောက်တိုင်တစ်ခုဖြစ်တယ်၊ အဓိက စခန်းတစ်ခုဖြစ်တယ်။

သူတို့အတွက်က ဒီစခန်းကိုသာ ပေးလိုက်ရမယ်ဆိုရင် ထားဝယ်ခရိုင်တောင်ပိုင်းဘက်ခြမ်းမှာ သူတို့ရဲ့နယ်မြေတော်တော်များများ ပင်လယ်ထွက်ပေါက်တွေ ကျန်တဲ့ စစ်ကူနဲ့သွားတဲ့ သယ်ယူပို့ဆောင်ရေးကိစ္စတွေမှာ သူတို့အတွက် အများကြီးထိခိုက်လာနိုင်တယ်၊ နောက်တစ်ချက်က ဒီနယ်မြေက သူတို့အနေနဲ့ ခံစစ်အနေနဲ့ တော်တော်ကိုစီးထားနိုင်တဲ့ အနေအထားတစ်ခုဖြစ်တယ်၊ ယခင်ကတည်းကလည်း ဒီနယ်မြေက ယခင်ကတည်းကဆိုတာက ကိုယ်တွေအသက်ထက်တောင်မှ ကျော်လွန်တဲ့ အဲဒီလောက်ထိ သူတို့စခန်းချခဲ့တဲ့နေရာဖြစ်တယ်။ သူတို့ရဲ့အဓိက ပင်မထောက်တိုင်ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း သူတို့က ဒီကျန်တဲ့ စခန်းအသေးလေးတွေလို မဟုတ်ဘဲနဲ့ပေါ့နော်။ နောက်တစ်ခုက ဒီအမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိနေတဲ့အတွက်လည်းပါတယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိနေတဲ့အတွက် ဒီနယ်မြေကိုသူတို့ မပေးချင်ဘူး။ သူတို့အခိုင်အမာလုပ်ထားတဲ့စခန်းဖြစ်တယ်။ အဲဒီစခန်းကို မပေးချင်တာဖြစ်တဲ့အတွက် ကြည်း ရေ လေနဲ့ စစ်ဆင်ရေးလုပ်တာလို့ ယူဆလို့ရတယ်ပေါ့နော်။

နောက်တစ်ခုကလည်း တော်လှန်ရေးဘက်ကလည်း ဒီနယ်မြေကို သီအိုရီအရ ပြောင်းပြန်အချိုးချ ကြည့်မယ်ဆိုရင် ဒီနယ်မြေကို တော်လှန်ရေးအဖွဲ့တွေ သိမ်းနိုင်မယ်ဆိုရင် ဒီနယ်မြေစိုးမိုးမှု ကျယ်ပြန့်လာမယ်။ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်မှုပိုပြီးတော့ ရှည်လျားလာမယ်။ ပင်လယ်ထွက်ပေါက်တွေအတွက် ပိုပြီးတော့အားသာလာမယ်ပေါ့။

DW ။ ဒီလိုအခြေအနေကြားထဲကနေ စခန်းကို ၄ ရက်မြောက်နေ့မှာ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ။

ဖြေ ။ ဘာကြောင့်သိမ်းနိုင်လဲဆို အစကတော့ ၃ ရက်မြောက်နဲ့ သိမ်းနိုင်မယ်လို့ မျှော်လင့်ထားတယ်။ မိုးတွေ ရွာလာတဲ့အတွက် အော်ပရေးရှင်းကို စောစောလေး နားပြီးတော့ ဆိုင်းငံ့လိုက်ပြီးတော့ မနက်စောစော ပြန်လုပ်တာပေါ့နော်။

ပထမတော့ ရန်သူရဲ့အင်အားအခြေအနေနဲ့ သူတို့မှာရှိတဲ့ လက်နက်အင်အားကို ကြည့်ပြီးတော့ ကစားကြည့်တယ်။ အဲဒီမှာ သူတို့ရဲ့ တန်ပြန်မှုအပေါ်မူတည်ပြီးတော့ ဘယ်လိုသွားမယ်၊ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာကို လိုအပ်တဲ့ ဗျူဟာတွေပြန်လည်ပြင်ဆင်တာတွေရှိမယ်။ လူအပြောင်းအရွှေ့ လုပ်တာတွေ ရှိမယ်ပေါ့နော်။ နောက်တစ်ခုကတော့ “ဒီခြေမှုန်းရေးအဖွဲ့ပေါ့၊ ဒီတော်လှန်ရေးအဖွဲ့တွေရဲ့ စိတ်အားထက်သန်မှုက တော်တော်ကို ချီးကျူးစရာကောင်းတယ်။ အဲဒါကြောင့်မို့လည်း မျက်နှာချင်းဆိုင် ဝင်စီးတဲ့အဆင့်ထိကို ကျွန်တော်တို့လုပ်နိုင်ခဲ့တာပေါ့နော်။ အဲဒါတွေကတော့ ရဲဘော်တွေရဲ့ စွမ်းဆောင်ရည်ပေါ့”

DW ။ နောက်ပြီး စစ်သင်္ဘောတွေထပ်ရောက်နေတယ်၊ စစ်ကူတွေလည်း ထပ်ပို့လာတယ်လို့ပြောတယ်။ အခုနောက်ဆက်တွဲအခြေအနေက ဘယ်လိုရှိသလဲရှင့်။ စစ်တပ်က ဒီစခန်းပြန်ရဖို့ သူတို့ပြန်ကြိုးစားနေတာရှိလား။

ဖြေ ။ စစ်သင်္ဘောအခြေအနေကတော့ သူတို့ကတော့ အဓိက စစ်ကူပေးလာတာပေါ့နော်။ ပထမတော့ သူတို့ရည်ရွယ်ချက်က စစ်ကူပေးဖို့လာတယ်။ ဒီစခန်းမဆုံးရှုံးအောင်လာတယ်။ ဒုတိယရည်ရွယ်ချက်ကတော့ ဒီစခန်းကို သူတို့ပြန်လည်သိမ်းပိုက်ဖို့အတွက် ရည်ရွယ်ပြီးတော့ သူတို့လာတယ်ပေါ့။ လာတော့ သူတို့အင်အားတွေလည်း ရာနဲ့ချီပြီး သုံးတယ်။ မနေ့ (မေ ၉ ရက်) ကနေစပြီး ထိတွေ့မှုတွေ စပြီးဖြစ်တယ်။ ပင်လယ်ဘက်ကရွာတွေမှာ စပြီးထိတွေ့မှုတွေဖြစ်တယ်၊ အဓိကကတော့ ပဲစခန်းအနီးနားမှရှိတဲ့ ကျေးရွာတွေမှာ စဖြစ်တာပေါ့နော်။ ဒီနေ့မနက်ပိုင်းကစပြီး ထိတွေ့မှုတွေ တောက်လျောက်ရှိတယ်။

သူတို့ရဲ့ ရည်မှန်းချက်ကတော့ ဒီစခန်းကိုသူတို့ပြန်လိုချင်တယ်။ မနေ့ (မေ ၉ ရက်) ကတော့ ဒီတော်လှန်ရေး ရဲဘော်တွေ စုပေါင်းပြီးတော့ သူတို့ကိုရအောင်တားပြီး အဲဒီစခန်းကုန်းမှာရှိတဲ့ သူတို့ ပတ်ပတ်လည်ဆင်ထားတဲ့ မိုင်းတွေအကုန်လုံးရော အခိုင်အမာဘန်ကာတွေ ဘန်ကာဆို သဲအိတ်နဲ့ လုပ်ထားတဲ့ ဘန်ကာတွေမဟုတ်ဘူး၊ တကယ့် ကွန်ကရစ်နဲ့လုပ်ထားတဲ့ ဘန်ကာတွေရော သူတို့ရဲ့ ဆက်သွယ်ရေးမြောင်း တကယ့် သူတို့ရဲ့ရေကန်တွေရော အကုန်လုံးကိုဘတ်ဟိုးနဲ့သွားပြီးတော့ ဖြိုပစ်လိုက်တယ်။

ရည်ရွယ်ချက်ကတော့ ဒီစခန်းကို သူတို့ပြန်ရလည်း ဒီစခန်းမှာသူတို့ပြန်နေလို့မရအောင် လုပ်ပစ်လိုက်ပြီ။ တတ်နိုင်သလောက်တော့ ဒီစခန်းကို သူတို့အလွယ်တကူ တက်လာလို့မရအောင် ကာဗာလုပ်ထားတယ်။ လက်ရှိအချိန်ထိ ကျွန်တော်တို့ ထိန်းချုပ်ထားဆဲဖြစ်တယ်။

DW ။ စစ်ကောင်စီတပ်က ပဲဒက်စခန်းပြန်ရဖို့နဲ့ နောက်ထပ် စခန်းတွေမကျဖို့အတွက် ကြည်း၊ ရေ၊ လေနဲ့ အသည်းအသန်ကြိုးစားနေတာ သူတို့ အလုပ်ဖြစ်(ပြန်ရနိုင်)ပါ့မလား။

ဖြေ ။ အလုပ်ဖြစ်ပါ့မလားဆိုတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်တယ်ပေါ့နော်။ သူတို့ရဲ့ အားထုတ်မှုက ဘယ်လောက်အတိုင်းအတာထိ ရေရှည်ကြာကြာလုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။
အင်အားချင်းနဲ့ယှဉ်မယ် လက်နက်အင်အားချင်းယှဉ်မယ်ဆိုရင်တော့ အားလုံးသိပြီးသားပဲ စကစ က သာတယ်ဆိုပေမယ့် စိတ်ဓာတ်ချင်းယှဉ်မယ်ဆိုရင်တော့ တော်လှန်ရေးဘက်သားတွေကို ဘယ်သူမှ မယှဉ်နိုင်ဘူးလေ။ ခဏလေးမီးထတောက်တဲ့ ပုံစံမျိုးနဲ့လုပ်တာလားဆိုတဲ့ အ‌ေခြေအနေပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ကစစ်ဆင်ရေးအနေအထားနဲ့ကြည့်မယ်။ ကြည့်ပြီးတော့သူတို့ရဲ့ ဗျူဟာအပေါ်မှာသုံးသပ်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ကိစ္စတွေ ကျွန်တော်တို့လုပ်မယ်။

ကျွန်တော်ပြောနိုင်သလောက်ကတော့ သူတို့ထင်သလောက်တော့ အပြည့်အဝ လွယ်လွယ်နဲ့ရနိုင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနယ်မြေတစ်လျှောက်မှာ ကျေးရွာတွေ အများကြီးရှိတယ်။ ကျန်တဲ့နယ်နိမိတ်ဧရိယာတွေ အများကြီးရှိတယ်။ ဆိုတော့ အကုန်လုံးကို ပြန်လည်စိုးမိုးနိုင်ဖို့ဆိုတာကတော့ သူတို့ထင်သလောက်တော့ လွယ်မှာမဟုတ်ဘူး။

DW ။ Video File တစ်ခုမှာ တော်လှန်ရေးတပ်တွေက လက်နက်ချဖို့ပြောတဲ့အခါမှာ သူတို့ဘာကြောင့် သူတို့လွယ်လွယ်နဲ့ လက်နက်ချခဲ့တာလဲ။

ဖြေ ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မသေချင်လို့လက်နက်ချတယ်ဆိုတဲ့သဘောပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက်မိနစ်ပိုင်းကို လက်နက်ချဖို့အတွက် စခန်းမသိမ်းခင် နောက်ဆုံးအထိ ကြိုပြီးတော့ဖုန်းဆက်ခဲ့တယ်။ သူတို့ရဲ့ ဖုန်းနံပါတ်တွေရတော့ ဖုန်းဆက်ခဲ့တယ်။ လက်နက်ချခိုင်းတယ်။ အဲ့ဒါကိုလက်နက်မချဘူး။ နောက်ပြီး အရှေ့ရောက်တဲ့အထိ စခန်းကုန်းကို စပြီးတော့ ကိုယ့်ဘက်ခြမ်းကရောက်တဲ့အချိန်မှာလည်း ပိုင်ပိုင်နိုင်နိုင်ရောက်ပြီဆိုတဲ့အချိန်မှာတောင်မှ နောက်ဆုံးအခွင့်အရေးပေးခဲ့တယ်။ လက်နက်ချဖို့ဆိုပြီးတော့ အဲဒီအထိလည်း သူတို့လက်နက်မချဘဲနဲ့ တောက်လျှောက်ခံပစ်တယ်။

နောက်ဆုံး အားလုံးအဝိုင်းခံလိုက်ရပြီ သူတို့ရဲ့ရှေ့မှာ မျက်နှာချင်းဆိုင် ဖြစ်သွားတဲ့အခြေအနေကျမှ သူတို့ရဲ့ အသက်အန္တရာယ်ထိမှာကြောက်တဲ့အတွက် သူတို့လက်နက်ချသွားတာ။ နောက်တစ်ခုက သူတို့ရဲ့ကျည် အခုသိမ်းဆည်းရမိတဲ့ကျည်မှာကြည့်လိုက်လေ သူတို့ရဲ့ ကျည်က ကုန်သလောက်နီးပါးဖြစ်နေပြီ။ ကျည်ကိုခြွေပြီးပစ်နေရတာ။ ဆိုတော့ သူတို့က အဲဒါကြောင့်မို့ လက်နက်ချတာလို့ပြောလို့ရတယ်။

DW ။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းနဲ့ နှိုင်းစာရင် အခု ၂၀၂၄ ခုနှစ်မှာ တနင်္သာရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ နယ်မြေစိုးမိုးရေးတွေ ပိုပြီးလုပ်ဆောင်နိုင်လာတာ ဘာကြောင့်လို့ ပြောနိုင်မလဲ။

ဖြေ ။ နံပါတ် ၁ အချက်က ကျွန်တော်တို့ တော်လှန်ရေးအတွေ့အကြုံပေါ့နော်။ တော်လှန်ရေးအတွေ့အကြုံအရ စစ်ရေးအတွေ့အကြုံ ရဲဘော်တွေက ၃ နှစ်ပြည့်ခဲ့ပြီ။ ပထမနှစ်မှာတည်းက ကျွန်တော်တို့ ဒီနယ်မြေခံ EROs တွေမှာ စစ်ပညာတွေသင်ယူတယ်။ ပြီးတော့ ဒီပြောက်ကြားစစ်အနေနဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်ခဲ့တာတွေ နှစ်နဲ့ချီပြီးအတွေ့အကြုံတွေ ကျွန်တော်တို့ရှိခဲ့တယ်။

ပြောက်ကျားစစ်နဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင် စစ်ရေးအတွေ့အကြုံတွေရလာတာတွေ ရှိတယ်။ စစ်ပညာတွေရလာတာတွေရှိတယ်။ အဲဒီကနေမှတစ်ဆင့် ဒီစခန်းသေးသေးလေးတွေကို EROs တွေနဲ့ ကျွန်တော်တို့ မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ သီးခြားတိုက်ခိုက်တာမျိုးတွေရှိတယ်။ နောက် ဒီတစ်နှစ်ပြီးတစ်နှစ် ကျွန်တော်တို့ရဲ့ ဒီလုပ်နိုင်စွမ်းတွေက တိုးလာတယ်။ အဲ့ဒါတော့ တနင်္သာရီတိုင်းမှမဟုတ်ဘူး။ ကျန်တဲ့ပြည်နယ်နဲ့တိုင်းတစ်ခုလုံးပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းတွေက အားလုံးမြင်လာရတဲ့အနေအထား။ ဒီကျွန်တော်တို့ တနင်္သာရီတိုင်းမှာ ပိုပြီးတော့ ပေါ်လွင်တာကတော့၊ ဒီနှစ်မှာမှ ကျွန်တော်တို့က စခန်းသိမ်းတာတွေ အမှတ် ၈ လမ်းမကြီးပေါ်မှာ ခြေချနိုင်တာတွေ ထိန်းချုပ်နိုင်တာတွေ စိုးမိုးနိုင်တာတွေ ကျေးရွာတွေမှာ ကျွန်တော်တို့ ပြန်ပြီးတော့ စိုးမိုးနိုင်တာတွေ ပေါ်လွင်လာတဲ့ အနေအထားတစ်ခုဖြစ်အောင် ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့တယ်။

အဓိကကတော့ ဒီတော်လှန်ရေးရဲဘော်တွေရဲ့ စိတ်အားထက်သန်မှုပေါ့။ နောက်တစ်ခုက သူတို့ရဲ့စစ်ရေးစွမ်းရည်သည် တော်တော်များများပြည့်ဝလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မှာလည်း ရန်သူ့ဘက်မှာလည်း စစ်မျက်နှာတွေ အများကြီးဖွင့်ထားရတယ်။ ကချင်ကနေ ဒီတနင်္သာရီတိုင်းအထိ သူတို့ရဲ့ စစ်မျက်နှာတွေ အများကြီးဖွင့်ထားရတယ်။ အရင်ကလို တိုက်ပွဲတစ်ခုဖြစ်တဲ့အချိန်မှာ ကျန်တဲ့နေရာတွေကို စစ်ကူတွေ သူတို့လွယ်လွယ်ကူကူ မပို့နိုင်တော့ဘူး။ ကုန်းလမ်းကနေ သူတို့စစ်ကူပို့ဖို့ဆိုတာ အင်မတန်မှကို ခဲယဉ်းသွားပြီ။

အရမ်းနည်းတယ်ပေါ့၊ အဲဒီတော့ သူတို့ ရေလမ်းကပို့တာတို့ လေကြောင်းကပို့တာတို့ဆိုတော့ အရင်လိုထင်သလောက် ထောက်ပို့လမ်းကြောင်းလည်း မလွယ်ကူနေဘူး။ ရာခိုင်နှုန်း အရမ်းနည်းသွားပြီပေါ့။
နောက်တစ်ခုက သူတို့မှာရှိတဲ့ အင်အားတွေလည်း တဖြည်းဖြည်း ကြွေလာပြီ။ အဲဒါကြောင့်လည်းသူတို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းတာဖြစ်တယ်။

အဲဒါကြောင့်မို့ ကျွန်တော်တို့က ချုပ်ပြီးပြောရမယ်ဆိုရင် စကစဘက်ကလည်း အားနည်းလာတယ် ကျွန်တော်တို့ဘက်ကလည်း စိတ်ဓာတ်ခွန်အားတွေရော စစ်ရေးစွမ်းရည်ရော မြင့်မားလာတဲ့အတွက် ကျွန်တော်တို့ပိုပြီးလုပ်နိုင်လာတယ်လို့ ယူဆပါတယ်။

DW ။ အခုလက်ရှိ တစ်နိုင်ငံလုံးမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာရှိတယ်။ ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ 1027 စစ်ဆင်ရေးနဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ဒေသက စခန်းသိမ်းတိုက်ပွဲတွေဟာ တနင်္သာရီအတွက် ဘယ်လိုသက်ရောက်မှုတွေရှိစေလဲ။ ဒီနေရာမှာ တနင်္သာရီတိုင်းဟာ ကိုယ့်ဒေသမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ့် ဒေသဆိုင်ရာ စစ်ရေး၊ နိုင်ငံရေးစီမံချက်နဲ့သွားတာမျိုးလား။ ဒီလိုလုပ်ဆောင်နေတာတွေရဲ့ အဓိကဦးတည်ချက်က ဘာဖြစ်မလဲ။

ဖြေ ။ ဟုတ်ကဲ့ စစ်ရေးအနေနဲ့ တစ်နိုင်ငံလုံးကိုချုပ်ပြီးပြောရမယ်ဆိုရင် အကုန်လုံးသည် သက်ရောက်မှုရှိပါတယ်။ တနင်္သာရီတိုင်းက လုပ်တဲ့ကိစ္စသည် ကချင်ပြည်နယ်မှာ သက်ရောက်မှုရှိသလို ကချင်ပြည်နယ်မှာ လုပ်တဲ့ကိစ္စသည် ကရင်ပြည်နယ်မှာ သက်ရောက်မှုရှိပါတယ်။ ပြောရမယ်ဆိုရင် ဒိုမီနိုအက်ဖက် (ဆင့်ကဲသက်ရောက်မှု)တွေပေါ့နော် စစ်ရေးရဲ့ ဒိုမီနိုအက်ဖက်တွေဖြစ်တယ်။ အဲဒါကြောင့်မို့ သက်ရောက်မှုရှိတယ်။ ပြီးသွားရင် နောက်တစ်ခုက ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ စစ်ဒေသခွဲ ၁၊ ၂၊ ၃ အလိုက်စီမံချက်တွေရှိတယ်။ စစ်ဒေသခွဲအလိုက်ရှိတယ်။

တိုင်းစစ်ဌာနရဲ့ စစ်ရေးစီမံချက်တွေရှိတယ်ပေါ့နော်၊ စီမံချက်အတိုင်းလုပ်ဆောင်နေတာတွေ ၇၅ ရာခိုင်နှုန်းက စစ်ရေးစီမံချက်အတိုင်းလုပ်ဆောင်နေတာရှိတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းသည် ကျွန်တော်တို့ရဲ့ မြေပြင်အခြေအနေပေါ်မူတည်ပြီးတော့ ဒီအဖွဲ့တွေရဲ့ လျှပ်တစ်ပြက် စွမ်းဆောင်ရတဲ့ကိစ္စတွေအပေါ် မူတည်ပြီးတော့ ၂၅ ရာခိုင်နှုန်းကလုပ်ဆောင်ရတာရှိတယ်။

DW ။ နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်မမေးချင်တာက အခု ၂၀၂၄ ဟာ တော်လှန်ရေးရဲ့ အရွေ့တစ်ခုဖြစ်လာမလား။ ဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ ။ ကျွန်တော့် အနေနဲ့ ပြောရမယ်ဆိုရင်တော့ တော်လှန်ရေးရဲ့ အရွေ့တစ်ခုကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ အဲ့ဒီယုံကြည်တဲ့အတိုင်းပဲ ကျွန်တော်တို့လုပ်နေတယ်။ အခုလည်းကျွန်တော်တို့ သက်သေပြနေတယ်ပေါ့နော်။ ကျွန်တော်တို့ တောရွာမှာနေတဲ့နေရာကနေ တဖြည်းဖြည်း မြို့ပေါ်မှာရှိတဲ့ လမ်းမကြီးတွေပေါ်ကို ကျွန်တော်တို့ရောက်လာပြီ။ နောက်လမ်းမကြီးပေါ်မှာ ကျွန်တော်တို့ ပုန်းလျှိုးကွယ်လျှိုးနေတာမဟုတ်ဘဲ ပြောင်ပြောင်ထင်ထင် ကျွန်တော်တို့နေနိုင်လာပြီ။ လမ်းမကြီးမှာရှိတဲ့ရွာတွေမှာ ကျွန်တော်တို့နေနိုင်လာပြီ။ အဲ့ဒီကတစ်ဆင့် မကြာခင်မှာ ကျွန်တော်တို့ မြို့နဲ့အလှမ်းမဝေးတဲ့နေရာမှာရောက်လာပြီ မကြာခင်မှာ ကျွန်တော်တို့ မြို့ပေါ်ကိုရောက်လာတော့မယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ ဒီတနင်္သာရီတိုင်းရဲ့ စစ်ရေးအနေနဲ့ ပြောမယ်ဆိုရင် မကြာခင်မှာ ၂၀၂၄ အကုန်မှာ ကျွန်တော်တို့ ဒီတော်လှန်ရေးရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြတ်ပြတ်သားသား ကြီးကြီးမားမားမြင်လာရလိမ့်မယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။