BREAKING
November 22, 2024

မြန်မာ့အရေး ထိုင်းမူဝါဒ မှန်ကူကွက်များ

May 13, 2024

ပြီးခဲ့တဲ့ ဧပြီလက ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် Serttha Thavisin ဟာ အစိုးရထိပ်တန်းအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူလိုက်ပါတယ်။ အဲဒီအစည်းအဝေးကနေ မြန်မာအရေးနဲ့ ပက်သက်တဲ့ အထူးလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီရဲ့ တာဝန်က မြန်မာပြည်တွင်းပဋိပက္ခကို လေ့လာစိတ်ဖြာပြီး ဝန်ကြီးချုပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီကို အကြံပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ အထူးကော်မတီကို ဦးဆောင်ဖို့ တာဝန်ပေးခံခဲ့ရသူကတော့ အဲဒီအချိန်က ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Parnpree Bahiddha-nukara ပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲ

ဒါပေမယ့် ဧပြီလကုန်ပိုင်းမှာ ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်ရွေးချယ်တာဝန်ပေးအပ်ချိန်မှာတော့ Parnpree ဟာ ဒုတိယဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းခံရပြီး နိုင်ငံခြားရေးဝန်ကြီးတာဝန်တစ်ခုကိုပဲ ပေးအပ်ခံခဲ့ရပါတယ်။

ဒုတိယဝန်ကြီးချုပ်ရာထူးကနေ အနားပေးခံရပြီးနောက်မှာ Parnpree က နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သူ ဒီလို နုတ်ထွက်သွားတဲ့အချိန်ဟာ မြဝတီမြို့ကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ပြီး မြန်မာ့အရေးအပေါ် ထိုင်းရဲ့ မူဝါဒ သိသိသာသာ လှုပ်ရှားတက်ကြွလာပြီး အင်မတန်အရေးကြီးတယ်လို့ဆိုရမယ့်အချိန်မှာမှ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် Mr. Srettha Thavisin ရဲ့ အလေးထားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေတယ်လို့ Move Forward ပါတီရဲ့ ပါလီမန်အမတ် Pita Limjaroenrat က Nikkei Asia မှာ ရေးသားခဲ့ပါတယ်။

မြန်မာပြည်က စစ်ဖြစ်နေတဲ့ အုပ်စုတွေကြား ဆွေးနွေးညှိနှိုင်းမှုတွေ လမ်းခင်းပေးဖို့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်ကို စတင်ပေးအပ်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအစီအစဉ်ကို ၂၀၂၄ မတ်လမှာ ထိုင်းဘက်က စတင်လိုက်ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သူကလည်း Parnpree ပဲ ဖြစ်ပါတယ်။

၂၀၂၃ စက်တင်ဘာလကနေ စတင်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့ရဲ့ တာဝန်ထမ်းဆောင်ချိန်က တိုတောင်းခဲ့ပေမယ့် Parnpree ဟာ နိုင်ငံတကာစင်မြင့်ပေါ်မှာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ဆွဲတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂါဇာမှာ ဟားမတ်အဖွဲ့က ဖမ်းခေါ်သွားတဲ့ ထိုင်းနိုင်ငံသားဓားစာခံတွေ ပြန်လွတ်လာအောင် အဓိကစွမ်းဆောင်နိုင်ခဲ့သူကလည်း Parnpree ပါပဲ။

ဘယ်သူမှ မမျှော်လင့်ထားတဲ့ Parnpree ရဲ့ နုတ်ထွက်မှုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပဲ့ထိန်းမဲ့အနေအထား ရောက်သွားစေခဲ့ပါတယ်။ မြဝတီမြို့ အတိုက်ခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေး တုံ့ပြန်ဆောင်ရွက်မှုတွေ အရှိန်ရလာနေတာကိုလည်း ဇက်ဆွဲသတ်လိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်နဲ့ အရာရှိတွေက အလုပ်ဆက်လုပ်နေမှာဖြစ်တဲ့အတွက် Parnpree ရဲ့ နုတ်ထွက်မှုက နိုင်ငံခြားရေးဝန်ကြီးဌာနအလုပ်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နှစ်ပေါင်းများစွာ ပူးပေါင်းခဲ့တဲ့ သံအမတ်ဟောင်းဖြစ်သူ Maris Sangiampongsa က Parnpree နေရာ အစားဝင်လာပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာခဲ့ပါတယ်။

အသစ်တက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးMaris လက်ထက်မှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက ဘယ်လိုပြောင်းလဲသွားနိုင်ချေရှိလဲ ၊ မြန်မာ့အရေး ထိုင်းရဲ့ချဉ်းကပ်မှု ဘယ်လိုရှိလာမလဲ ဆိုတာကို အခုချိန်မှာတော့ ပြောရခက်နေပါသေးတယ်။

“နိုင်ငံခြားရေးဝန်ကြီးသစ် Maris နဲ့ သူ့အဖွဲ့သားတွေဟာ လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးရရှိစေဖို့အရေး ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဆက်လက်ပေးအပ်ရေး အပြင် အာဆီယံဥက္ကဌလာအိုနဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားဖို့အတွက် Parnpree လက်ထက်ကတည်းက ရှိနေပြီးသား အစီအစဉ်တွေနဲ့ ရှေ့ဆက်နေကြဦးမယ့် အနေအထားရှိတယ်။ ကမ္ဘောဒီးယား၊ လာအို ၊ မြန်မာတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ သက်ဆိုင်တဲ့ ထိုင်းနိုင်ငံခြားရေးမူဝါဒဟာ ပုဂ္ဂိုလ်ရေးပိုဆန်လာပြီး ၂၀၀၀ ပြည့်နှစ်လွန် ကာလတွေအတွင်း သက်ဆင်အစိုးရလက်ထက် ပုဂ္ဂိုလ်ရေးရင်းနှီးမှူးအခြခံနိုင်ငံခြားရေးမူဝါဒနဲ့ ဆင်တူလာ လိမ့်မယ်”လို့ ထိုင်းနိုင်ငံရေးသုတေသီ Kavi Chongkittavorn က ဘန်ကောက်ပို့စ်မှာ ရေးသားခဲ့ပါတယ်။

မြန်မာ့အရေး ထိုင်းမူဝါဒကို လေ့လာသူအားလုံးက မျက်ခုံးပင့်စောင့်ကြည့်နေကြတဲ့အချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာဘက်က တော်လှန်ရေးအင်အားစုအချို့ကို လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

အငြင်းပွားစရာ ဝန်ကြီးချုပ်ဟောင်း

၁၅ နှစ်ကြာ ပြည်ပြေးဘဝကနေ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တဲ့ သက်ဆင်ဟာ ရဲဆေးရုံမှာ အကျဉ်းကျခံနေခဲ့ရပါတယ်။ ၆ လခန့် အကျဉ်းကျခံနေခဲ့ပြီးတဲ့နောက်မှာ သက်ဆင်ဟာ ၂၀၂၄ ဧပြီလမှာ လွတ်မြောက်လာခဲ့ပါတယ်။ သူ ပြန်လွတ်လာရင် ထိုင်းနိုင်ငံရဲ့ De Facto ဝန်ကြီးချုပ်တစ်ယောက်လိုမျိုး လက်ရှိအာဏာရနေတဲ့ ဖြူထိုင်းအစိုးရကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်လာနိုင်တယ်လို့ သက်ဆင် အကျဉ်းကျခံနေရစဉ်ကတည်းက ခန့်မှန်းထားခဲ့ကြပါတယ်။ လက်ရှိအာဏာရဖြူထိုင်းပါတီက သက်ဆင် တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ လက်ရှိထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ကလည်း သက်ဆင်နဲ့ နီးကပ်တဲ့ စီးပွားရေးသမား သံအမတ်ဟောင်းတစ်ယောက် ဖြစ်နေပါတယ်။

သက်ဆင်ဟာ သန်းရွှေလက်ထက်ကနေ အခုနောက်ဆုံး မင်းအောင်လှိုင်အထိ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူ ဖြစ်ပါတယ်။ သက်ဆင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ၂၀၀၁ ကနေ ၂၀၀၆ ကာလအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရနဲ့ ထိုင်းအစိုးရကြား ရွှေလမ်းငွေလမ်းဖောက်ခဲ့ပါတယ်။

“ကုလသမဂ္ဂက ကျနော့်အဖေ မဟုတ်ဘူး” လို့ ပြောခဲ့ဖူးတဲ့ ထိုင်းဘီလျံနာသူဌေးကြီး သက်ဆင်ကို မြန်မာစစ်ဗိုလ်ချုပ်တွေ သဘောကျတာဟာ အဆန်းမဟုတ်ပါဘူး။ သက်ဆင်ဟာ ဘယ်မြင်းကို လောင်း၊ ဘယ်သူနဲ့ ပေါင်းရမယ်ဆိုတာကို ကောင်းကောင်းသိသူဖြစ်ပါတယ်။ သက်ဆင် အာဏာရနေစဉ်ကာလမှာ “Bangkok Process” ဆိုပြီး မြန်မာ့အရေးကို ထိုင်းက ဦးဆောင်ပြီး လုပ်ခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနစ်တုန်းကလည်း ပုဂံမှာ Bagan Summit ဆိုပြီး ထိုင်း-လာအို-ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းကျင်းပခဲ့ဖူးတဲ့အတိတ် ရှိပါတယ်။ မအောင်မြင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို စအသက်သွင်းခဲ့သူကလည်း သက်ဆင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီလို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အကျိုးစီးပွားအခြေခံ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် သက်ဆင် လွတ်လာပြီးရင် ထိုင်း-မြန်မာဆက်ဆံရေးမှာ သက်ဆင်ရဲ့ အရိပ်ဩဇာ ဘယ်လိုသက်ရောက်လာမလဲဆိုတာကို လေ့လာသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။

ဒီလို‌စောင့်ကြည့်နေတဲ့အချိန်မှာပဲ သက်ဆင်နဲ့ မြန်မာတော်လှန်ရေးအင်အားစုတချို့အကြားက ချင်းမိုင်မြို့က တွေ့ဆုံပွဲအကြောင်း သတင်းထွက်လာပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နဲ့ ထိုင်းအရှေ့မြောက် ဒေသတွေဟာ သူ ဝန်ကြီးချုပ်ဘဝက ထောက်ခံမှုအများဆုံး ရခဲ့တဲ့ ဒေသတွေ ဖြစ်ပါတယ်။ သက်ဆင်ဟာလည်း ချင်းမိုင်သားပါ။ ဒါကြောင့် သူ လွတ်လာရင် အဲဒီဒေသတွေကို သေချာပေါက်သွားလိမ့်မယ်လို့ လေ့လာသူအချို့ တွက်ဆထားခဲ့ပါတယ်။ ထင်ကြေးပေးထားတဲ့အတိုင်းပါပဲ။ သက်ဆင်ဟာ အကျဉ်းစံဘဝက လွတ်လာပြီး သိပ်မကြာခင်မှာပဲ ချင်းမိုင်ကို သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ဆုန်ခရန်ပွဲတော်ကာလအတွင်း သူ ချင်းမိုင်မှာ ရှိနေတုန်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူမျိုးစုလက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး စစ်ကောင်စီနဲ့ စေ့စပ်ပေးဖို့ ကြားလူအနေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး(KNO) တို့နဲ့ တွေ့ဆုံခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်နဲ့ကိုယ်စားလှယ်တွေအပြင် အခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုသတင်းကို လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေမယ့် လက်ရှိထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris က အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုဟာ သက်ဆင်ရဲ့ပုဂ္ဂလိက အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ထိုင်းအစိုးရရဲ့ မူဝါဒနဲ့ မသက်ဆိုင်ဘူးလို့လည်း သူက ပြောပါတယ်။

သက်ဆင်ရဲ့ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုဟာ အပေါ်ထပ် အဆောက်အအုံက လူတွေနဲ့ပဲ ဆွေးနွေးရတာမျိုး ဖြစ်လိမ့်မယ်၊ အဓိကက စီးပွားရေး အကျိုးအမြတ်အတွက်သာ ဖြစ်တယ်လို့ ချင်းမိုင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ဌာနက ပါမောက္ခတစ်ဦးက မှတ်ချက်ပေးပါတယ်။

“သိပ်စိုးရိမ်နေမိတဲ့အရာကတော့ ဒါဟာ ထိုင်းနိုင်ငံရေး အလွန်အကျွံလွှမ်းမိုးမှုကို ခံရမှာကိုပဲ။ ဒါက မြန်မာ့အရေး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ထိုင်းပြည်တွင်းနိုင်ငံရေးရဲ့ အယူအဆကွဲပြားမှုတွေရဲ့ လောင်းရိပ်မိသွားစေနိုင် တယ်။ ကျမ အမြင်မှာတော့ ဒါဟာ ရေရှည်အတွက် မကောင်းဘူး။ ထိုင်းနိုင်ငံရေးဇာတ်ခုံပေါ်က ဇာတ်ကောင်တွေနဲ့ ထိုင်းပြည်သူတွေက မြန်မာနိုင်ငံရဲ့ ပြဿနာကို သူတို့လိုရာဘက်ဆွဲတွေးပြီး မြင်လာကြလိမ့်မယ်”

သက်ဆင်ကြားဝင်မှုအပေါ် သဘောထားများ

ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ Move Forward Party ရဲ့ အဓိကပါလီမန်ကိုယ်စားလှယ် Rangsiman Romeက ဒီလို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ သက်ဆင်မှာ ဘယ်လို တရားဝင်လုပ်ပိုင်ခွင့်မှ မရှိဘူးလို့ ပြောပါတယ်။

“မြန်မာပြည်က စစ်ဖြစ်နေတဲ့ အုပ်စုတွေနဲ့ စကားပြောဖို့ဆိုတာ တရားဝင် လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ထားတဲ့ ကိုယ်စားလှယ်တွေကပဲ လုပ်သင့်တာပါ”

တကယ်လို့ ဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ သက်ဆင်ဘက်ကနေ တစုံတရာ ကတိကဝတ်ပေးခဲ့တာမျိုး လုပ်ခဲ့မယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့လည်း ဒီကတိကဝတ်တွေကို လိုက်နာအကောင်အထည်ဖော်ပေးဖို့ ဝတ္တရားရှိသလို ဖြစ်လာနိုင်တယ်ဆိုပြီး သူ့စိုးရိမ်ချက်ကို ဖွင့်ဟခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ လုပ်ဆောင်ရာမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပက်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်တဲ့အတွက် အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် Rangsiman Rome က ပြောသွားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်စလုံးက သက်ဆင်ရဲ့ လုပ်ရပ်ကို လူသိရှင်ကြား စွပ်စွဲရှုတ်ချတာမျိုး အခုထိ မလုပ်သေးတဲ့အတွက် ဒါဟာ သူတို့နှစ်ယောက်စလုံးရဲ့ ခေါင်းဆောင်မှုပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

မိတ်ဆွေတော်ဟောင်း သက်ဆင်က မြန်မာတော်လှန်ရေးအင်အားစုအချို့နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တာနဲ့ ပက်သက်ပြီး မြန်မာစစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ဖျက်ဆီးမယ့် အကြမ်းဖက်အုပ်စုတွေကို အားပေးအားမြှောက်ပြုတာက မသင့်တော်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်”

မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ သက်ဆင်က ခွင့်တောင်းထားပေမယ့် မြန်မာစစ်ဗိုလ်ချုပ်တွေဆီက အခုထိ မတုံ့ပြန်သေးဘူးလို့လည်း သိရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ သက်ဆင်ဟာ NUG က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံချင်ပေမယ့် အလယ်အလတ်အဆင့်ပုဂ္ဂိုလ်တွေနဲ့သာ တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ သက်ဆင်နဲ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ အတွင်းရေးမှူး – ၂ ဖြစ်သူ ဦးအောင်ဆန်းမြင့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ သူ(သက်ဆင်)နဲ့ ဘာသဘောတူညီချက်မှ မလုပ်ခဲ့ဘူး။ အခုချိန်က တွေ့ဆုံဆွေးနွေးရမယ့်အချိန် မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့တယ်။ တိုက်ပွဲတွေ ဖြစ်နေတာမို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတာက ဘယ်လိုအထောက်အကူဖြစ်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်”

သက်ဆင်နဲ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့ကြတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေက မြန်မာပြည်က မြေပြင်အခြေအနေကို သက်ဆင်တစ်ယောက် တကယ်နားလည်ပါ့မလားဆိုတာကို သံသယရှိကြပါတယ်။ သူနဲ့ တွေ့ဆုံဖို့ လူမျိုးစုလက်နက်ကိုင်ကိုယ်စားလှယ်တွေကို ဖိတ်ကြားချက်တွေ ပို့ခဲ့တဲ့ပုံစံကလည်း အလောသောဆယ်ပုံစံပေါက်နေတယ်လို့ ဆိုပါတယ်။ ကချင်အမျိုးသားအစည်းအရုံးKNO) ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ မှားပြီး ဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့တဲ့အထိ အမှားမှားအယွင်းယွင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“သက်ဆင်က သူ့ကိုယ်သူ ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ လုပ်ပိုင်ခွင့်ရှိသူလိုမျိုုး တစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးလို့ရအောင် စာရွက်စာတမ်းတွေ ယူလာတာ” လို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။ ထိုင်းအစိုးရကို ဒေါသထွက်အောင် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် ဘယ်အဖွဲ့ကမှ လက်မှတ်မထိုးခဲ့ဘူးလို့ အဆိုပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆင်ရဲ့ တရားမဝင် ကြားဝင်တဲ့ ခြေလှမ်းက သူနဲ့ နီးကပ်တဲ့ မြန်မာ စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာ ဘက်အသီးသီးက လူတွေရဲ့ ဝေဖန်မှုကိုပဲ ရလိုက်တယ်လို့ ဆိုရမှာပါ။

မြန်မာ့အရေး ထိုင်းမူဝါဒ တိုးတက်ဖို့လို

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမငြိမ်သက်မှုဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ် ကြီးကြီးမားမား ရိုက်ခတ်လာနေပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်ကောင်စီက အခုထိ မလိုက်နာဘဲ ကြောက်မက်စက်ဆုပ်စရာသတ်ဖြတ်မှုတွေကို မြေပြင်မှာ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် အာဆီယံအဖွဲ့အပေါ် အများယုံကြည်ကိုးစားမှုကလည်း ကျဆင်းလာနေပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံရဲ့ မူဝါဒသဘောထားရပ်တည်ချက်ဟာ လျင်လျင်မြန်မြန် ပြောင်းလဲဖြစ်ပေါ်လာနေတဲ့ မြေပြင်အခြေအနေနဲ့ ထင်ဟပ်ပြီး အခြေခံကျကျ ပြောင်းလဲဖို့ လိုနေပါတယ်။

Move Forward ပါတီရဲ့ အထင်ကရ ပါလီမန်အမတ်ဖြစ်သူ ပီတာက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ သံခင်းတမန်ခင်းကျင့်ဝတ် လုပ်ထုံးလုပ်နည်း တွေနဲ့ ဗျူရိုကရေစီ ကြိုးနီစနစ်ကြားမှာ ပိတ်မိနေတယ်။ မြန်မာ့အရေး ထိုင်းရဲ့မူဝါဒမှာ စစ်ကောင်စီကို ဗဟိုပြုစဉ်းစားလုပ်ဆောင်နေတာတွေက မှားယွင်းတယ်ဆိုတာ တနေ့တခြား ပိုသိသာထင်ရှားလာနေတယ်လို့ မေလ (၃) ရက်နေ့က Nikkei Asia မှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းနေတဲ့ အာဆီယံနိုင်ငံအနည်းငယ်အထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးနိုင်တဲ့ ဩဇာရှိတယ်လို့ သူက ဆိုပါတယ်။ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ဝယ်ယူတဲ့ သဘာဝဓာတ်ငွေ့တွေကို ငွေပေးချေရာမှာ စစ်ကောင်စီဆီကို ဝင်ငွေမစီးဆင်းအောင် တရုတ်အစိုးရပိုင်ကုမ္ပဏီက လုပ်တဲ့နည်းအတိုင်း ကြားခံဘဏ်အကောင့်တွေကို အသုံးပြုသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ များပြားလှတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီနေ့ခေတ် ထိုင်းနဲ့ အာဆီယံခေါင်းဆောင်တွေမှာ နိုင်ငံရေးသမာဓိရှိမှုနဲ့ အခြေခံယူဆစဉ်းစားချက်တွေကိုပါ ပြောင်းလဲနိုင်တဲ့သတ္တိ ကင်းမဲ့နေတယ်လို့ ပီတာ က ဝေဖန်သွားခဲ့ပါတယ်။

“ဒါက မြန်မာ့အရေးကို ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ တွန့်ဆုတ်နေရမယ့် အကြောင်းပြချက် မဟုတ်ဘူး”

Ref: Bangkok Post, The Irrawaddy, The Diplomat, Nikkei Asia, Thai PBS World, Nation Thailand

ဈာန်ဟိန်း စုစည်းရေးသားသည်