BREAKING
September 19, 2024

မွန်ပြည်နယ်သားအချို့ပါသည့် တနင်္သာရီတိုင်း စစ်မှုထမ်းဒုတိယအသုတ် ယခုအပတ်အတွင်း သင်တန်းပေးမည်ဟုဆို

May 13, 2024

ဓာတ်ပုံ - စစ်ကောင်စီလော်ဘီ တယ်ရီဂရမ်ချယ်နယ်။

စစ်ကောင်စီအတင်းအကျပ် အကောင်အထည်ဖော်နေသည့် စစ်မှုထမ်းစနစ်အတွက် တနင်္သာရီတိုင်းအတွင်း ဒုတိယ အသုတ်ကို ယခုအပတ်အတွင်း သင်တန်းစပေးမည်ဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။

ဒုတိယအသုတ်တွင် သင်တန်းသား ၂၃၀ ဦးဝန်းကျင်ရှိသည့်အနက် လူဦးရေ ၆၀ ခန့်က မွန်ပြည်နယ် မော်လမြိုင်မှဖြစ်ကြောင်း ယင်းအဖွဲ့၏တာဝန်ရှိသူက ပြောသည်။

ကျန်သည့် သင်တန်းသား ၁၇၀ ဦးခန့်မှာ မြိတ်၊ ကျွန်းစုနှင့် ကော့သောင်း ဒေသနေသူ အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယအသုတ်သင်တန်းသားများကို ဆေးစစ်ပြီးဖြစ်သည့်အတွက် ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းပေးမည့်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

“ဒီတစ်ပတ်ထဲမှာ စပြီးသင်တန်း ပေးပါမယ်ခင်ဗျား။ သင်တန်းကျောင်းကို လူတော့ရောက်ပါပြီခင်ဗျား” ဟု ၎င်းက ပြောသည်။

လက်ရှိစစ်မှုထမ်းဒုတိယအသုတ်တွင် မွန်ပြည်နယ်သားအချို့ပါဝင်နေခြင်းမှာ လိုအပ်ချက်အရခေါ်ယူခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းအတွင်းက လူဦးရေ ၂၆၀ ကျော် ခေါ်ယူထားပြီး ဧပြီလ ၈ ရက်နေ့တွင် သင်တန်း စပေးနေကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုထားသည်။ အဆိုပါ ပထမအသုတ်နှင့် ဒုတိယ အသုတ် သင်တန်းသားများမှာ ဆန္ဒအလျောက် စာရင်းပေးထားသူများ ဖြစ်သည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

မြေပြင်တွင်မူ စစ်ကောင်စီတပ်က စစ်မှုထမ်းလိုအပ်ချက်ကြောင့် ရပ်ရွာအတွင်းရှိလူငယ်များကို အတင်းအဓမ္မ လူသစ်စု ဆောင်း နေသည့်အတွက် အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် စစ်မှုထမ်းကင်းလွတ်ရာ ဒေသများကို အစုလိုက် အပြုံလိုက် ထွက်ပြေး နေကြသည်။

ထို့ကြောင့်လည်း စစ်ကောင်စီက လူငယ်များ ခရီးသွားလာမှုနှင့် ပြည်ပနိုင်ငံများကို အလုပ်သွားလုပ်မည့် လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်ကလည်း ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုတွင် စက်ဘီးစီးနေသည့် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများက ရပ်တန့်ခိုင်းပြီး အသက်အရွယ်ကို စစ်ဆေးခဲ့သေးကြောင်း အဆိုပါ ကလေး၏ ဦးလေးဖြစ်သူက ဆိုသည်။

“သူတို့ (စကစ) ဆီမှာ အင်အားမရှိတော့လို့ နီးတဲ့လူကို ဆွဲခေါ်မယ့် ပုံစံဖြစ်နေတာ။ မြို့ပေါ်မှာဆို လူငယ်တွေ မရှိကြတော့ဘူး” ဟု ၎င်းက ပြောသည်။

ထားဝယ်-ထီးခီးနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပို့ဆောင် ပေးနေသူတစ်ဦး၏ အဆိုအရ စစ်ကောင်စီက စစ်မှုထမ်းစနစ် စတင်အကောင်အထည် ဖော်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နေ့စဉ်လူငယ်ရာချီ ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

နောက်ထပ် စစ်မှုထမ်းအသုတ်များတွင် ပါဝင်သည့်လူငယ်များ၏ အမည်စာရင်းများမှာ သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး များထံတွင် ရှိနေပြီဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“စစ်မှုထမ်းမယ့် စာရင်းတွေကတော့ မြေပြင်ရပ်ကျေးတွေကနေပြီးတော့ သူတို့ပြုစုပြီးတော့ သူတို့ဆီမှာ ရှိပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ တော်လှန်တိုက်ပွဲများနှင့် ရင်ဆိုင်နေရပြီး အဖက်အဖက်က အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် အင်အားပြန်တည်ဆောက်နိုင်ရေးအတွက် အဓမ္မစစ်မှုမထမ်း မနေရစနစ်ကို အလောတကြီး အသက်သွင်းနေကြောင်း ဝေဖန်မှုများစွာရှိနေသည်။