BREAKING
September 19, 2024

ဘီးလင်း တံတားမိုင်းခွဲခံရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံး

May 13, 2024

ပုံစာ - မေလ ၁၁ ရက်နေ့က မိုင်းခွဲခံရသည့် ကျုံးအိတ်တံတား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် ၃၁၄ က လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကြောင့် ဒေသခံအရပ်သား နှစ်ဦးသေဆုံးပြီး ကလေးအပါအဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၁၁ ရက်နေ့က ဘီးလင်းနှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အမြောက်တပ် ၃၁၄ က တံတားအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

အဝန်းကြီးကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေထိုင်သည့် အသက် ၄၀ ကျော် အရွယ် စောဇော်မင်းထွန်းနှင့် နော်မြတ်သိန်းတို့ ဇနီးမောင်နှံနှစ်ဦး ကျည်စထိမှန် သေဆုံးကြောင်း ဒေသခံတို့က ဆိုသည်။

ဒေါက်ရပ်ကျေးရွာအတွင်းလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် ဒေသခံ ငါးဦးထက်မနည်း ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းအပြင် အမတ ၃၁၄ က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီးသွားသည့်အပြင် နေအိမ်အများအပြားလည်း လက်နက်ကြီးစ ထိမှန်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တံတား မိုင်းခွဲခံရပြီးတဲ့နောက်မှာ အမြောက်တပ်ကနေ တံတားဘက်နဲ့ အနီးနားမှာရှိတဲ့ ရွာတွေကို လှမ်းပစ်တာ။ ရမ်းပြီး ပစ်တော့ ရွာထဲကျတဲ့ဟာကျ၊ ရွာအပြင်ဘက်ကျတာလည်းရှိတယ်။ ရွာထဲကျသွားတဲ့အတွက် လင်မယား ၂ဦးကတော့ သေဆုံး သွားတယ်။ ကျည်စထိတာတွေလည်းရှိတယ်။ အိမ်တွေထိတာလည်းရှိတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားကို မေလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲခံရပြီး တံတားကျိုးကျ ပျက်စီးသွားသည်။

စစ်ကောင်စီတပ်က ယင်းလမ်းကြောင်းကို အသုံးပြုကာ လူ၊ လက်နက်၊ ရိက္ခာ ပို့ဆောင်နေသဖြင့် မိုင်းခွဲဖျက်ဆီးခြင်းဖြစ်ပြီး ခရီးသည်များ လမ်းလွှဲမှသွားနိုင်ရန် စီစဉ်ပေးထားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း RFA မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရမှုကြောင့် မြန်မာပြည်အထက်ပိုင်းနှင့် မွန်၊ ကရင်၊ တနင်္သာရီဘက် သွားသည့် ကားများ ပိတ်မိနေသည်။

ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်ကလည်း ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့တို့က မိုင်းခွဲခဲ့ပြီး တံတားတစ်ခြမ်း ပြိုကျသွားပြီး တံတားပြိုကျချိန်တွင် ကားနှစ်စီးပါသွားသည့်အတွက် အမျိုးသးတစ်ဦး သေဆုံးခဲ့သည်။