BREAKING
January 9, 2025

သရက်ချောင်းဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရဆဲ

May 13, 2024

ပုံစာ - တောင်ပျောက်တိုက်နယ်ရှိ စစ်ဘေးရှောင်များ။ ဓာတ်ပုံ - တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားက ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် စစ်‌ကောင်စီတပ်က မေလ ၈ ရက်၊ ၁၀ ရက်တို့တွင် ကနက်သီရိအပါအဝင် အနီးအနားကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် လူငယ်နှစ်ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားသုံးဦး သေ‌ဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ၉ ဦး ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် ကနက်သီရိရွာ အထက်ကျောင်း‌တစ်ကျောင်း၊ ရငဲရွာရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။

မေလ ၁၂ ရက်တွင်မူ ထားဝယ်မြစ်အတိုင်းရောက်လာသည့် စစ်ကောင်စီရေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းတိုက်ပွဲတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများထဲမှ အချို့ကို တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကူညီပေးနေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင် ၅၄၁ ဦးရှိနေကြောင်း ယင်းအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ၅၄၁ ဦးအနက် အသက် ၅ နှစ်အောက်ကလေး ၆၂ ဦး၊ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၅ ဦး ပါဝင်ကြောင်း ဆိုသည်။

“ဒီဘက်မှာက စစ်ရေးလှုပ်ရှားနေတုန်းဆိုတော့ စစ်ဘေးရှောင်တွေ အိမ်မပြန်ရဲကြသေးဘူး” ဟု တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းတွင်ပင် ကနက်သီရိ၊ ရငဲကျေးရွာတို့နှင့် ၁၈ မိုင်ခန့်ကွာသည့် အောက်သရက်ချောင်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ပြောဆိုသည်။

မေလ ၈ ရက် ပဲဒက်စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ထို‌ဒေသတဝိုက်တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားလျက်ရှိသည်။

စစ်ကောင်စီက ပဲဒက်စခန်းပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျှက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။