BREAKING
January 9, 2025

ထားဝယ်တွင် လျှပ်စစ်မီး တစ်ရက် အနည်းဆုံး ကိုးနာရီကြာ အလှည့်ကျပေးတော့မည်ဟု လျှပ်စစ်ကုမ္ပဏီဆိုပြန်

May 13, 2024

ပုံစာ - တတိယအကြိမ် ပြင်ဆင်ထုတ်ပြန်ထားသည့် အလှည့်ကျမီးပေးမည့်ဇယား ဓာတ်ပုံ - Petrol&Trans

ထားဝယ်ခရိုင်တွင် မီးစက်နှစ်လုံး ပြုပြင်ပြီးဖြစ်သောကြောင့် တစ်ရက်လျှင် အနည်းဆုံး ၉နာရီမှ အများဆုံး ၁၅ နာရီအထိ အလှည့်ကျ မီးပေးတော့မည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ထုတ်ပြန်သည်။

ထားဝယ်ခရိုင်အတွင်း အလှည့်ကျဓာတ်အားပေးမည့် အချိန်ဇယားကို အဆိုပါကုမ္ပဏီက ယနေ့ မေလ ၁၃ ရက်တွင် ပြင်ဆင်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။

ယခုအကြိမ်မှာ တတိယအကြိမ်ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်သည်။

ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက် ဒုတိယအကြိမ် ပြန်ပြင်ဆင်ခဲ့ပြီး A၊ B၊ C ဟု အုပ်စု သုံးစုခွဲပြီး တစ်အုပ်စုလျှင် ၄ နာရီအကြာ ဖြန့်ဖြူးပေးမည်ဟု ပြင်ဆင်ထုတ်ပြန်သည်။

ပထမနှင့် ဒုတိယအကြိမ် အလှည့်ကျဓာတ်ပေးဇယားထုတ်ပြန်ချိန်ကမူ ကြေညာထားသည့်အချိန်အတိုင်း ဓာတ်အား အပြည့်ပေးနိုင်ခဲ့ခြင်း မရှိသဖြင့် ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှာ အကြီးအကျယ်ဝေဖန်ခံနေရသည်။

ယခုတတိယအကြိမ်တွင်မူ A အုပ်စု၊ B အုပ်စုဟု အုပ်စုနှစ်စုပြန်ဖြစ်သွားပြီး တစ်ရက်လျှင် အနည်းဆုံး ၉ နာရီမှ အများဆုံး ၁၅ နာရီ ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့် ဇယားတွင် ဖော်ပြထားသည်။

“စဖြစ်တာတုန်းကထက် စာရင်တော့ ရတဲ့အချိန်များလာတယ်။ အခုတလော” ဟု လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

နွေရာသီ ရာသီဥတုပူပြင်းမှု‌ကြောင့် ဓာတ်အားသုံးစွဲမှုများနေချိန် ဓာတ်အား ထုတ်လုပ်ပေးနေသည့် အင်ဂျင် ၅ လုံး စက်ချို့ယွင်းသွားကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။

စက်ချို့ယွင်းပြီး တစ်လခန့်အကြာတွင် စက်တစ်လုံး ပြင်ဆင်တပ်ဆင်နိုင်ခဲ့သည်။

ယင်းစက်ပြင်ဆင်ပြီး ကိုးရက်အကြာတွင် နောက်ထပ်စက်တစ်လုံး ပြုပြင်ပြီးဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ထပ်ပြုပြင်ရန် စက်သုံးလုံးကျန်ရှိနေသေးသည်။

တတိယအကြိမ် ပြင်ဆင်ထုတ်ပြန်ထားသည့် အလှည့်ကျမီးပေးမည့်ဇယား