BREAKING
October 19, 2024

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀ ကျော်ဖမ်းဆီးခံရ

May 13, 2024

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၅ ဦးနှင့် ၎င်းတို့ကို ဗန်ကားဖြင့် ခေါ်ဆောင်လာသော မြန်မာနှစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အယုဒ္ဓယခရိုင်ရှိ အမြန်လမ်းမတွင် ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် ဗန်ကား တစ်စီးသည် အရှိန်ဖြင့်မောင်းနှင်လာပြီး ပုံမှန်အလေးချိန်ထက် များနေသဖြင့် မသင်္ကာ၍ တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ကားကို အသက် ၂၆ နှစ်အရွယ် ကိုသိန်းမင်းထက်ဆိုသူ မောင်းနှင်လာပြီး ဘေးခုံတွင် ကိုမိုးမြင့်အောင်ဆိုသူက လိုက်ပါလာကာ ၎င်းတို့နှစ်ဦးတွင် နိုင်ငံကူးလက်မှတ်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗန်ကားထဲတွင် ထိုင်ခုံများကို ဖြုတ်၍ ကားကို ပြုပြင်ထားပြီး ဘေးတွင် အဖြူရောင်ပိုင်းများဖြင့်ကာထားကာ အထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။

၎င်းတို့တွင် နေထိုင်ခွင့်အထောက်အထားများ၊ နိုင်ငံကူးလက်မှတ်များ မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ကားဖြင့်လိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကားဖြင့် တင်ခေါ်လာသည့် မြန်မာနှစ်ဦးကို တရားမဝင် ခေါ်ဆောင်မှုဖြင့် အရေးယူမည်ဖြစ်ပြီး အထောက်အထားမရှိသူများကို တရားမဝင် ဝင်ရောက်လာမှုများဖြင့် အရေးယူကာ နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။