BREAKING
January 10, 2025

ထားဝယ်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

May 13, 2024

ထားဝယ်မြို့ ပေါ် ၌ မေလ ၁၂ ရက်ည သန်းခေါင်ယံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ သဲကွင်းအနီး၊ ကမ်းနားလမ်း၌ ည‌ ၁၁ နာရီကျော်‌တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပေါက်ကွဲသံတစ်ချက် ကြားရပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း မြို့ခံတို့က ဆိုသည်။

“ပေါက်ကွဲသံကြားပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာပဲ” ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

စစ်ကောင်စီ ကင်းလှည့်နေသည့် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှစုံစမ်းသိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

“မိုင်းဆွဲခံရတဲ့ ကားက သုံးယောက်သေတယ်လို့ ကြားရတယ်။ ထုတ်ပြန်လိမ့်မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယခုနှစ် ဇန်နာဝါရီလကုန်ပိုင်းကလည်း ထားဝယ်မြို့ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းတွင် အင်အား ၁၀၀လောက်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရဖူးသလို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလများတွင်လည်း အဆိုပါကမ်းနားလမ်း သဲကွင်းအနီးဗုံးပေါက်ခဲ့ဖူးသည်။

ယနေ့ မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင်လည်း ထားဝယ်မြို့အိမ်ရှေ့ပြင်ရပ်ကွက်တွင် ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်ပြီး မွန်းလွဲ ၂ နာရီအထိ မြို့အဝင်အထွက်ဂိတ်များလည်း ပိတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။