BREAKING
April 15, 2025

ပြည်တော်မပြန်နိုင်သူတွေရဲ့ သင်္ကြန်

April 13, 2025

သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များက ကာလရှည်ပိတ်လေ့ရှိသဖြင့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများမှာ ပြည်တော်ပြန်လေ့ရှိကြသည်။

တစ်နှစ်ပတ်လုံး လုပ်ငန်းခွင်တွင် စိတ်ပင်ပန်း၊လူပင်ပန်း လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်းလုပ်သားများအဖို့ သင်္ကြန်ကာလရောက်လျှင် မွေးရပ်မြေပြန်မည်ဆိုကာ အားတင်းလုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထိုင်းရောက်မြန်မာများလည်း သင်္ကြန်ကာလရောက်လာလျှင် မွေးရပ်မြေပြန်ပြီး သင်္ကြန်ဆင်နွှဲလေ့ရှိသဖြင့် နယ်စပ်ဂိတ်များ၊ကားဂိတ်များတွင် ကြိတ်ကြိတ်တိုးနေလေ့ရှိသည်။

ယခုနှစ် သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံရောက် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ သင်္ကြန်ကာလ အိမ်ပြန်နေကြပြီဖြစ်သော်လည်း မြန်မာနိုင်ငံသားများမှာ အာဏာသိမ်း စစ်တပ်ရန်ကြောက်၍ မွေးရပ်ပြန်မည့် အိပ်မက်ကို စွန့်လွှတ်လိုက်ကြရသည်။

ထိုကြောင့် သင်္ကြန်ကာလ အိမ်မပြန်နိုင်ကြသေးသည် ထိုင်းရောက်မြန်မာများ၏ အခြေအနေကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းတင်ဆင်လိုက်ပါသည်။

“ဘာကိုအပြစ်ပုံချလို့ချရမယ်မှန်း မသိတော့ပါဘူးဗျာ။ အိမ်ကိုအရမ်းသတိရတာတော့အမှန်ပဲ”

အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး
(သရက်ချောင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်လာသူဖြစ်သည်)

DW။ ထိုင်းရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဘာအလုပ်လုပ်လဲ။

ဖြေ။ အာဏာသိမ်းပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဒီ(ထိုင်းနိုင်ငံ)ကိုရောက်လာတာ။ အခုဆို ၃နှစ်ကျော်နေပြီပေါ့။ အလုပ်ကတော့ Restaurant(စားသောက်ဆိုင်) မှာလုပ်တာပါ။

DW။ ထိုင်းရောက်ပြီးနောက်မှာ သင်္ကြန် အိမ်ပြန်ဖြစ်သေးလား။

ဖြေ။ မပြန်ဖြစ်ဘူးဗျ။ ဒီကိုစရောက်ကတည်းကပဲ။ အခုဆို သုံးနှစ်ကျော်လာပြီပေါ့နော်။

DW။ အခုနှစ်သင်္ကြန်ရော အိမ်ပြန်ဖြစ်မလား။ မပြန်ဖြစ်ရင် ဘာကြောင့်မပြန်ဖြစ်တာလဲ။ ရွာသင်္ကြန် အခြေအနေကရော ဘယ်လိုလဲ။

ဖြေ။ ဒီနှစ်လည်း မပြန်ဖြစ်ပါဘူးဗျာ။ နိုင်ငံရေးကလည်း မတည်ငြိမ်တဲ့အပြင် သဘာဝဘေးအန္တရာယ်တွေကလည်း ဆက်ကြုံရသေးတယ်။ ဒီကြားထဲ စစ်မှုထမ်းတာ ၊ ပေါ်တာဆွဲတာ အဲဒီလိုမျိုး ဖိအားမျိုးစုံ ဒုက္ခမျိုးစုံဆိုတော့ အဆင်ပြေအောင်ကြိုးစားရုန်းကန်ရင်းပဲ မပြန်ဖြစ်တာပါ။ ဒီနှစ်လည်းအလုပ်ထဲမှာပဲဗျ။ ရွာမှာတော့ ဒီနှစ်လည်း သင်္ကြန်မရှိသေးဘူး ထင်တယ်ဗျ။ ကျွန်တော်တို့ရွာဘက်(ရငဲ၊ကနက်သီရိ)က အခြေအနေတွေက သင်္ကြန် ကျင်းပဖို့မပြောနဲ့ လူနေဖို့တောင် သိပ်အဆင်မပြေတော့တဲ့အခြေအနေတွေကြောင့်မို့ ရွာသင်္ကြန် ကတော့ ဝေးဦးမယ်ထင်တယ်ဗျ။

DW။ သင်္ကြန်ကာလနီးလာတော့ ရာသီစာတွေရော မလွမ်းဘူးလား။

ဖြေ။ အရမ်းလွမ်းတာပေါ့ဗျာ။ ကိုယ့်ရေ ကိုယ့်မြေဆီက အစားအသောက်၊ဓလေ့စရိုက်တွေ အကုန်သတိရတယ်။ အခုက သင်္ကြန်ဆိုတော့ သင်္ကြန်ရာသီစာ ရေစိမ်ထမင်း ၊ ဘွန်းထုပ်(ဟင်းပေါင်းထုပ်) ၊ မုန့်ဆီကြော်တွေပိုလွမ်းမိတာတော့ အမှန်ပဲဗျာ။

DW။ ထိုင်းမှာလည်း သုံးနှစ်လောက် သင်္ကြန်ကျဖူးတော့ ရွာသင်္ကြန်နဲ့ ဒီသင်္ကြန်ဘာကွာလဲ။

ဖြေ။ ဒီမှာက ကိုယ့်နိုင်ငံမှာလိုမျိုး သိပ်မလွတ်လပ်ဘူးဗျ။ အကုန်လုံးက ဘောင်ထဲကနေ အကန့်အသတ်နဲ့ပဲကျင်းပတော့ မြန်မာပြည်မှာလိုမျိုး စိတ်လွတ်ကိုယ်လွတ် ပျော်ခွင့်မရဘူး။ တိုင်းရေးပြည်ရေးအခြေအနေကြောင့်ရော အသက်အရွယ်ကြောင့်ရော ပါမယ်ထင်တယ်။ ကိုယ့်နိုင်ငံမှာလိုမျိုး ပျော်စရာမကောင်းတာတော့အမှန်ပဲ။

DW။ ရွာသင်္ကြန်ကိုရော သတိမရဘူးလား။ အိမ်ရောမပြန်ချင်ဘူးလား။

ဖြေ။ အရမ်းပြန်ချင်တာပေါ့ဗျာ။အခုပြန်လို့ရရင် အခုတောင်ပြန်ချင်တာ။အခြေအနေအကြောင်းကြောင်း
ကြောင့်သာ ဒီမှာသည်းခံပြီး နေနေရတာ။ ရွာကိုသတိရစိတ်က တစ်နေ့တစ်ခြားပိုပိုဆိုးလာတယ်။ လူကသာဒီမှာ စိတ်က အရင်နေခဲ့တဲ့ရွာဆီမှာပါပဲ။

DW။ အိမ်ပြန်လမ်းကရော ဘယ်လောက်ကြာဦးမယ်ထင်လဲ။ ဘာကြောင့်လဲ။

ဖြေ။ အိမ်ပြန်လမ်းကတော့ ဝေးဦးမလားမသိဘူးဗျာ။ အကုန်လုံးကတော့ တတ်နိုင်တဲ့ဘက်ကပဲ ဝိုင်းဝန်းကူနေ ကြတာပဲ။ကျွန်တော်တို့ပဲ ညံ့လို့လား ခေတ်ပျက်မှာ ကံမကောင်းပဲမွေးဖွားလာလို့လား။ တစ်ခါတစ်လေ ဘာကိုအပြစ်ပုံချလို့ချရမယ်မှန်း မသိတော့ပါဘူးဗျာ။ အိမ်ကိုအရမ်းသတိရတာတော့အမှန်ပဲ။ အရင်လို ကိုယ့်အသိုက်ကိုယ့်အဝန်းနဲ့ အပူပင်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းပြန်နေချင်ပြီဗျာ။

DW။ ကျေးဇူးတင်ပါတယ်။

“ပြန်ရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူဖြစ်နေတယ်”

“အခွင့်မသာလို့နေရပေမယ့် အိမ်ကိုတော့ အမြဲပြန်ချင်မိတယ်ဗျာ။ သင်္ကြန်သီချင်းသံကြားတိုင်း ဝမ်းနည်းနေရတယ်ဗျာ”

ချွန်ဘူရီရှိ ကားတာယာစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး

DW။ သင်္ကြန်အလုပ်ပိတ်ရက်မှာ အိမ်ပြန်ဖို့ စိတ်ကူးရှိလား။ ဘာလုပ်ဖို အစီအစဉ်ရှိလဲ။

ဖြေ။ သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်ဖို့ဆိုတာထက်ကို မိမိနေရာမှာ အိမ်ဆိုတာ တစ်ချို့မရှိကြတော့ဘူးလေ။ ပြန်ကြတဲ့သူတစ်ချို့ကလည်း အရမ်းအရေးကြီးတဲ့ သူတွေလောက်ပဲဖြစ်မှာပါ။ သင်္ကြန်ဆိုပြီး ပြန်ကြတာမျိုး‌တော့ ကျွန်တော်တို့ စက်ရုံမှာ မရှိသလောက်ပဲဗျ။ ကျွန်တော်တို့ကတော့ ပြန်ဖို့ အစီအစဉ်မရှိကြဘူး။ ဒီမှာနေပြီးပဲ အလှူလုပ်တာမျိုး သူငယ်ချင်းတွေနဲ့ အတူတူစားသောက်ကြဖို့ပဲ ရှိပါတယ်။

DW။ ဘာကြောင့် သင်္ကြန်မှာ အိမ်ပြန်ဖို့ အစီအစဉ်မရှိတာလဲ။

ဖြေ။ အခုလက်ရှိမှာ သက်တမ်းတိုးသမားတွေကလည်း ဗီဇာမရတဲ့ ပြဿနာတွေ ဖြစ်နေတာ။ Name List (အမည်စာရင်း) တစ်ခုတည်း ကိုင်ဆောင်ထားကြရတဲ့ နှစ်ကြီးလူဟောင်းတွေအတွက် အိမ်ပြန်ချင်လည်း အခက်ဖြစ်နေဆဲပါဗျ။ ပြီးတော့ နိုင်ငံရေးကလည်း တိုက်ပွဲနဲ့ စစ်မှုထမ်းကလည်း ရှိနေသေးတာ။ ပြန်ရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူဖြစ်နေတယ်။

DW။ ကိုဗစ်မတိုင်ခင်ကဆို သင်္ကြန်အတွင်း အိမ်ပြန်ရင် ဘာတွေလုပ်ကြလဲ။

ဖြေ။ မြန်မာပြည်မှာ နေစဉ်တုန်းကတော့ သင်္ကြန်ဆိုတော့ သူငယ်ချင်းတွေနဲ့ ရေပက်ခံထွက် လျှောက်လည်ကြပေါ့ဗျာ။ သူငယ်ချင်းတွေနဲ့က တစ်နှစ်မှ တစ်ခါ ဆုံကြတဲ့သူတွေလည်းရှိတော့ အပျော်အပါးတော့ နည်းနည်းတော့ပါတာပေါ့။ နောက်ရွာမှာရှိတဲ့ သက်ကြီးသူတွေကိုလည်း သူငယ်ချင်းတွေ စုပြီးတော့ ကုသိုလ်ယူ အလှူလုပ်ဖြစ်တာမျိုးလည်း ရှိပါတယ်။ တော်တော်လည်း အမှတ်ရစရာတွေပါပဲ။

DW။ စက်ရုံထဲမှာ ကမ္ဘောဒီးယားနဲ့ လာအိုအလုပ်သမားတွေရော ရှိလား။ သူတို့ကရော သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်နိုင်ကြလား။

ဖြေ။ ရှိကြပါတယ်။ သင်္ကြန်ပိတ်ရက်ကို အစက ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိပိတ်မယ်ဆိုပြီး အစည်းအဝေးမှာ တစ်ခါတည်း အတည်ပြုပြောထားတာ။ ပြောပြီးမှ မပိတ်ပြန်ဘူး။ ပုံမှန်ပိတ်ရက် ၅ ရက်ပဲ ဆိုပြီး ထပ်ပြောလာတယ်။ အချို့ခမာ (ကမ္ဘောဒီးယား) တွေ လာအိုတွေ ပြန်ဖို့ရက်တွေလည်း ပြန်ရွှေ့ရတယ်ကြားရတယ်။ သိပ်မရင်းနှီးကြတော့ သူတို့ဘယ်လိုပြန်ကြမလဲဆိုတာကို သေချာမသိဘူးဗျ။

DW။ နှစ်သစ်ကူးရောက်ပေမယ့် သင်္ကြန်မှာ အိမ်ပြန်လို့ မရတဲ့အပေါ် ဘယ်လို ခံစားရလဲ။

ဖြေ။ စိတ်မကောင်းဘူးလေဗျာ။ အိမ်နဲ့ အဆက်မရတာလည်း ၄ နှစ်ထဲ ရှိနေပြီလေဗျာ။ ပြန်ချင်တာပေါ့ဗျာ။ အခွင့်မသာလို့နေရပေမယ့် အိမ်ကိုတော့ အမြဲပြန်ချင်မိတယ်ဗျာ။ သင်္ကြန်သီချင်းသံကြားတိုင်း ဝမ်းနည်းနေရတယ်ဗျာ။

DW။ ကျေးဇူးတင်ပါတယ်။

“ကန်ချနဘူရီ မှာ ပွင့်တဲ့ ပိတောက်နဲ့ ရွာက ပိတောက်နဲ့မတူဘူး။ပန်းချင်းတူပေမဲ့ ဖီလင်(ခံစားမှု)ကွာတယ်”

ကံပေါက်ရွာသား၊ ရေဖြူမြို့နယ်
(ကန်ချနဘူရီခရိုင်မှာ ၆ နှစ်ကြာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်နေသူ)

DW။ ထိုင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ တစ်ခေါက်မှ မပြန်သေးဘူးလား။ ဘာအလုပ်လုပ်လဲ။

ဖြေ။ ကိုဗစ်မတိုင်ခင် ထိုင်းမှာရှိတဲ့ အမေ့ဆီ အလည်ဆိုပြီး လာလိုက်တာ ကိုဗစ်တွေ ဖြစ်တော့မပြန်ဖြစ်တော့ဘူး။ မနှစ်ကတော့ တစ်ခေါက်ပြန်သေးတယ်။ လပိုင်းနဲ့ ပြန်တက်လာတယ်။ အလုပ်ကတော့ ကော်စန်း(ဆောက်လုပ်ရေး) ပဲလုပ်တယ်။ ဒီမှာပဲနေတာ ၆ နှစ်လောက်ကြာပြီပေါ့။

DW။ မနှစ်က ဘယ်ချိန်လောက်ပြန်သွားလဲ။ ဘာလုပ်ဖို့ပြန်တာလဲ။ လမ်းကြောင်း အခြေအနေကရော အဆင်ပြေရဲ့လား။

ဖြေ။ မနှစ်က (၂၀၂၃ခုနှစ်) ပြန်ဆင်းသွားတယ်။ အိမ်က သင်္ကြန်မှာ အလှူလုပ်ပြီး ရဟန်းခံပေးချင်လို့ ပြန်ဆင်းသွားတာ။ လမ်းကတော့ ထီးခီးဘက်ကပြန်ဆင်းသွားတယ်။ လမ်းခရီးကတော့ သူလိုကိုယ်လိုပါပဲ။ လာတုန်းက ခေတ်ကောင်းတုန်းဆိုတော့ လျောလျောရှူရှူပဲ။ ပြန်တက်တဲ့အချိန်မှာတော့ ခိုးဝင်သလို ဝင်ရတော့ ခရီးကြမ်းတာတွေ ကြုံရတယ်။ သူများတွေလည်းကြုံကြပါတယ်။

DW။ ကိုဗစ်မတိုင်ခင်ကတည်းက ထိုင်းရောက်နေတော့ အာဏာသိမ်းမှုဖြစ်စဥ်အကြောင်းတွေ ၊ ရပ်ရွာအခြေအနေတွေ သိခဲ့ရရဲ့လား။ ကိုယ်တိုင်ရောက်တော့ ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ။ သူငယ်ချင်းတွေဆီက ပြောပြတာနဲ့ အင်တာနက်ပေါ်က ဖတ်ရတာနဲ့တော့ တီးမိခေါက်မိတော့ရှိပါတယ်။ ဒါပေမဲ့ အရမ်းဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ မထင်မိဘူး။ ရွာရောက်တဲ့ညမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတော့ ညပိုင်းလောက်ပဲရှိသေးတယ် လူကပြတ်သွားတယ်။ တခြားဝိုင်းတွေကလည်း ထပြန်နေကြတယ်။ သူငယ်ချင်း ကလည်း ပြန်မယ်ပဲ ပြောနေတယ်။ ဘာလို့အစောကြီး ပြန်ကြမှာလဲ မေးတော့ ညမထွက်ရ အမိန့်နဲ့မို့ စစ်ကားတွေကင်းလှည့်တာနဲ့ ညဘက်လမ်းမပေါ်သွားနေတာ ကြုံသွားရင် အစစ်ခံရပြီး အဖမ်းခံရနိုင်တယ်ဆိုပြီး ပြောပြတယ်။ အဲဒီအထိ နဖူးတွေ့ ဒူးတွေ့ မဟုတ်သေးတော့ သိပ်မကြောက်သေးဘူး။ နောက်တစ်ပတ်လောက် ကြာတော့ ရပ်ကွက်ထဲက ကုန်စုံဆိုင်တစ်ဆိုင် နဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကို စစ်ကားတွေ ညဘက်ရောက်လာပြီး အိမ်ရှင်တစ်ချို့ခေါ်သွားတယ်။ အိမ်နဲ့နီးတော့ ဝင်ဖမ်းနေတုန်း ချောင်းကြည့်လိုက်ရတယ်။ မနက်မှ ပြန်မေးကြည့်တော့ ကံပေါက်မှာ အဲဒီလိုညဘက် လူဝင်ဖမ်းတာက ထုံးစံတစ်ခုလိုဖြစ်နေတယ်လို့ ပြောကြတယ်။ နည်းနည်းတော့ ကြောက်သွားတာပေါ့။ အစက အကြားနဲ့ပဲ ကြားရတာ။ ရွာပြန်ရောက်တော့ လက်တွေ့မြင်ရတယ်။ ပြီးတော့ ရောက်ပြီး တစ်လလောက်ကြာတော့ စစ်မှုထမ်းကြေညာတယ်ဆိုပြီးကြားရတယ်။ ကိုယ်နဲ့အတူတူ လက်ဖက်ရည်ဝိုင်း အတူတူထိုင်နေတဲ့ ရွာမှာကျန်တဲ့သူငယ်ချင်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထိုင်းတက်သွားကြတယ်။ ကိုယ်ပဲ ကြောင်တောင်တောင်နဲ့ ကျန်နေခဲ့တယ်။

DW။ ရဟန်းခံပြီးတာနဲ့ ချက်ချင်း ပြန်လာလိုက်တာလား။

ဖြေ။ မဟုတ်ဘူး။ ရဟန်းမခံလိုက်ရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အိမ်နောက်ဘက်က ခြံထဲကို စစ်သားတွေ လာကြတယ်။ ကျွန်တော်တို့လည်း ခြံထဲမှာ ညနေ ရေချိုးမယ့်အချိန်မှာ သူတို့လာနေတာကို လှမ်းမြင်လိုက်ရတယ်။ ခုနကပြောသလို ဝင်ဖမ်းတာဘာညာ မြင်ဖူးထားတော့ ကြောက်ပြီး ပြေးတာ အနောက်ကနေ သေနတ်ဖောက်ပြီး လိုက်တာပဲ။ အဲတုန်းကတော့ သေပြီမှတ်နေတာ။ ပြေးရင်မလွတ်မှန်းသိလို့ ညီအစ်ကိုနှစ်ယောက် ပုန်းနေလိုက်ရတယ်။ သေနတ်ပစ်ပြီးတာနဲ့ လမ်းတွေပိတ်ချပြီး အိမ်တွေမှာ လူနှစ်ယောက်ရှာတယ်ဆိုပြီး ရှာသွားတယ်။ ပြီးမှ လမ်းတွေပြန်ဖွင့်ပေးတယ်။ လူလည်း အတော်တုန်လှုပ်သွားတယ်။ ဘာမှမဟုတ်ဘဲ သေနတ်နဲ့လိုက်ပစ်ပြီး ဝရမ်းပြေးရှာသလိုရှာနေတာဆိုတော့ လန့်တာတော့အမှန်ပဲ။ အဲဒီလိုဖြစ်ပြီးတဲ့ တစ်ပတ်ထဲမှာပဲ အိမ်ကလည်း စိတ်မချလို့ ရဟန်းတောင်မခံပေးတော့ဘူး။ ထိုင်းပြန်ပို့လိုက်တာပဲ။

DW။ အခုနှစ်သင်္ကြန်ကရော ပြန်ဖြစ်ဦးမလား။ မပြန်ဖြစ်ရင် ဘာကြောင့်မပြန်ဖြစ်တာလဲ။

ဖြေ။ မပြန်ဖြစ်တော့ဘူး။ အိမ်ကလည်းမပြန်ခိုင်းဘူးလေ။ ကိုယ်တိုင်ကတော့ပြန်ချင်တာပေါ့။ ခုနကလိုကြုံရတော့ မကြောက်ဘူးလားလို့ ပြောချင်ပြောကြမယ်။ ကြောက်တယ်ဆိုလည်းမဟုတ်ဘူး ကိုယ့်မှာအပြစ်မရှိဘဲ လူပါးဝခံရတယ်လို့ပဲ မှတ်ယူတယ်။ ပြီးတော့ မနှစ်က သင်္ကြန်အမီပြန်တာ သင်္ကြန်အထိလည်း မနေလိုက်ရဘူး။ ခုနကကိစ္စနဲ့ စစ်မှုထမ်းခေါ်ခံရမှာကြောက်လို့ ကျွန်တော်သက်သက်တောင်မဟုတ်ဘူး။ ညီတစ်ယောက်ကိုပါ ထပ်ခေါ်လာလိုက်ရတယ်။ အခုနှစ်မပြန်ဖြစ်တာကတော့ မပြန်ချင်လို့ပါပဲ။

DW။ ကန်ချနဘူရီ မှာ သင်္ကြန် ငါးခါလောက်ကျဖူးတော့ ထိုင်းသင်္ကြန်နဲ့ ရွာကသင်္ကြန်ဘာကွာလဲ။

ဖြေ။ သူတို့လည်း ရေကစားတယ်။ နံ့သာတွေ ၊ သနပ်ခါးတွေလိမ်းကြတယ်။ ပေါင်ဒါမှုန့်တွေ ပတ်ကြတယ်။ ဥပုသ်စောင့်တာ ၊ အဘိုးအဘွား ကန်တော့တာတွေလည်းရှိတယ်။ ကန်ချနဘူရီ က မြန်မာနဲ့နီးလို့လားတော့မသိဘူး အကုန်နီးစပ်တယ်။ ဒါပေမဲ့ ရေသွားကစားတဲ့အခါမျိုးမှာ ကိုယ့်နေရာလည်းမဟုတ်ပြန်တော့ ဖော်ဖော်ရွေရွေမဟုတ်ဘူးပေါ့။ ကြောင်တောင်တောင်ဖြစ်တယ်။ ဒီမှာလည်း ပိတောက်ပင်တွေရှိတော့ သင်္ကြန်နားနီးရင် ပိတောက်ပွင့်တယ်။ ဒါပေမဲ့ ကန်ချနဘူရီ မှာ ပွင့်တဲ့ ပိတောက်နဲ့ ရွာက ပိတောက်နဲ့မတူဘူး။ပန်းချင်းတူပေမဲ့ ဖီလင်(ခံစားမှု)ကွာတယ်။

DW။ ဘယ်ချိန်အိမ်ပြန်မယ် စိတ်ကူးထားလဲ။

ဖြေ။ အိမ်ကတော့ ပြန်မှာပေါ့။ ဒါပေမဲ့ ပြန်မယ်ဆိုရင် ဗြုန်းစားကြီးတော့ပြန်လို့မရဘူး။ စုဆောင်းထားတာတွေရှိမှ အဆင်ပြေမယ်။ အခုလောလောဆယ်ကတော့ မပြန်နိုင်သေးဘူး။ ပြီးရင် ရွာရောက်ရင် ဘာမဆို လုပ်စားလို့ရတယ်ဆိုပေမယ့် ကိုယ်တိုင်ကြုံရသလို ကိုယ်ခြံထဲကိုယ်သွားတာတောင် သေနတ်တကားကားနဲ့ လူပါးဝခံရတာမျိုးတွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ လုပ်စားရမကောင်းဘူးလေ။ ပြန်ဖို့အတွက်ကတော့ ဘယ်လောက်ကြာဦးမယ် ပြောမနိုင်သေးဘူး။

DW။ ကျေးဇူးတင်ပါတယ်။