BREAKING
April 14, 2025

ထိုင်း-မြန်မာနယ်စပ်၊ ထီးထဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့်ခုခံ

April 13, 2025

Photo - AFP

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဧပြီလ ၁၂ ရက်နေ့မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၁၃) မနက်ပိုင်းတွင် လေကြောင်းအသုံးပြုကာ ခုခံနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှသိရသည်။

ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို KNLAနှင့် PDF ပူးပေါင်းတပ်များက မနေ့က မွန်းလွဲ ၂ နာရီခန့်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယနေ့နံနက်မှစကာ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ကာ ခုခံနေရသည်။

“တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ အသာစီးမှုနဲ့ သိမ်းနိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့်ထားဝယ်-ထီးခီးနယ်စပ်လမ်းကြောင်းအနီး တွင်တည်ရှိပြီး စစ်ကောင်စီ၏ နယ်စပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ထားနိုင်ရန် အထောက်အကူဖြစ်သည့် စခန်းတစ်ခုဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်က ကမာပလောစခန်းကိုစွန့်ခွာပြီး ထီးထဗျူစခန်းကုန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၄ ဦးလက်နက်ချအညံ့ခံခဲ့ပြီး ၆ ဦးသေဆုံးခဲ့သည်။

ယင်းမှစကာ ထားဝယ်-ထီးခီးနယ်စပ်လမ်းတစ်လျောက်မှ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်မှာ လေယာဉ်ဖြင့် စစ်လက်နက်နှင့် ရိက္ခာပစ္စည်းများ ပို့ဆောင်နေရသည်။

စစ်ကောင်စီတပ်က ခြေလျှင်စစ်ကြောင်း၊ ယာဉ်တန်းဖြင့် ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်နိုင်ခြင်းမရှိသလို အလွယ်တကူစစ်ကူပို့ဆောင်နိုင်သည့် အခြေအနေလည်း မရှိကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် အထက်ပါစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်စခန်း ၁၁ ခုကျော်ကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူကာ အချို့ကို ဖျက်ဆီးနိုင်ခဲ့သည်။

ယင်းစခန်းများတွင် ကျောက်ထုစခန်း၊ မောထစခန်း၊ ရောင်းမော်ပျူစောထီးစခန်း၊ မင်းသမီးခီးစခန်း၊ ပဲဒက်စခန်း၊ ကျောက်ဆည်ပျူစောထီးစခန်း၊ 1020 တောင်စခန်း၊ အောင်သာရဝစခန်း၊ မိုက်ခရိုဝေ့ဖ်တာဝါတိုင်(ကော့သောင်း-ဘုတ်ပြင်း)စခန်း၊ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် ရေကန်တောင်မှာရှိသည့် စစ်ကောင်စီဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းတို့ပါဝင်သည်။