စစ်အာဏာသိမ်းပြီးချိန်မှစကာ ထားဝယ်ဒေသရှိ အတာအိုးလုပ်ငန်းများမှာ ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက် ၊ အိုးလုပ်ရုံများတွင် ယခုကျရောက်မည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွက် အတာအိုး ထုတ်လုပ်မှုပမာဏ ယခင်နှစ်များထက် ပိုမိုလျော့နည်းကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံကသိရသည်။
ယခင်နှစ်များက သင်္ကြန်အတာအိုးလက်ကျန်များကျန်ရှိနေခြင်း နှင့် အခြားဒေသမှ အတာအိုးများ မှာယူရောင်းချမှုများ ရှိလာသဖြင့် အဝယ်နှုန်းနည်းသွားခြင်းကြောင့် ထုတ်လှုပ်မှု လျှော့ချခဲ့ရခြင်းဖြစ်သည်။
ယခုနှစ် ထားဝယ်အတာအိုးဈေးကွက်တွင် ထားဝယ်ခရိုင်ထက် မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်များသို့ ပိုမိုဖြန့်ချိခဲ့ရကြောင်း ထားဝယ်မြို့၊ အိုးလုပ်ရပ်က အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကပြောသည်။





“ အခုနှစ် အတာအိုး ၁၂ဝဝဝ လောက်ထုတ်ဖြစ်တယ်။ ကြိုလုပ်ထားလို့လည်းမရဲဘူး။ အော်ဒါတင်မှလုပ်ပေးရဲတယ်။ ၂၀၁၉ လောက်က ကိုဗစ်တုန်းက သုံးသောင်း၊လေးသောင်းလောက် ထုတ်တယ်။ ကိုဗစ်မတိုင်ခင်က ငါးသောင်းနီးပါးအထိထုတ်ဖူးတယ် “ ဟု ၎င်းကပြောပြသည်။
ထားဝယ်ဒေသထွက်အတာအိုးတွင် ရေချမ်းအိုး(ရေအိုး)၊ အတာအိုးအကြီး၊ အငယ် ဟူ၍ သုံးမျိုးထုတ်လုပ်ပြီး ယခုနှစ်သင်္ကြန်ကာလဈေးကွက်တွင် တစ်ထောင်ကျပ်ပတ်ဝန်းကျင်ဈေးဖြင့် ရောင်းချကြောင်းသိရသည်။
ကိုဗစ်မတိုင်မီကာလများတွင် ယင်းရေအိုးနှင့်အတာအိုးဈေးများသည် ကျပ်ရာဂဏန်းဈေးနှုန်းသာရှိကြောင်း အတာအိုးရောင်းချသူများပြောပြသည်။
ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက်တွင် သီတင်းကျွတ်ကာလ သပိတ်မျှောပွဲအတွက် သပိတ်အိုးများ၊ သင်္ကြန်ကာလ အတာအိုးများအပြင် အခြားမြေထည်များ ထုတ်လုပ်ရောင်းချကြပြီး ယခုနောက်ပိုင်းတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာနေသည်ဟု အိုးလုပ်ရပ်ကွက်နေသူများထံက သိရသည်။