မြိတ်မြို့တွင် နေအိမ်လေးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းများ ထံမှ သိရသည်။
မြိတ်မြို့၊အင်းလေးမြိုင်စက်မှုဇုံအနီး ချမ်းမြေ့သာယာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က မီးလောင်ကျွမ်းခဲ့ပြီး ဖက်မိုးထရံကာ နေအိမ်လေးလုံး မီးလောင်သွားသည်ဟု ဒေသခံများနှင့် နာရေးကူညီမှုအသင်း ကပြောသည်။
“ဓနိမိုးထရံကာ အိမ်လေးလုံး ပြာကျသွားတယ်။ လူမနေတဲ့ အိမ်တစ်လုံးလည်း ဖျက်ချလိုက်ရတယ်။ လူတွေကတော့ ထိခိုက်တာမျိုးမရှိပါဘူး”ဟု မီးလောင်ရာသို့သွားရောက်ကူညီခဲ့သည့် ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။
မီးလောင်ရာသို့ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ပြီး ၁၅ မိနစ်ခန့်သာ မီးလောင်ခဲ့သည်ဟု ဒေသခံများကပြောသည်။
မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။








