လူအုပ်စုကြီးက မိမိအလှည့်ရောက်မည့်အချိန်ကို နွေနေပူပူတွင် စောင့်ဆိုင်းနေကြရသော်လည်း မျက်နှာများတွင် အပြုံးရိပ်များဖြင့် တက်ကြွမှုများတွေ့နေရသည်။
တစ်နှစ်တာလုံး ရေခြားမြေခြားတွင် အလုပ်လာရောက်လုပ်ကိုင်နေသူများအတွက် အိမ်ပြန်ရတော့မည်ဆိုသည့် အတွေးက နွေနေပူပူကိုပင် အံတုနေသယောင်။
သူတို့တွေက သင်္ကြန်တွင်း နေရပ်ပြန်ကြမည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။
မြန်မာနိုင်ငံသားများတော့မဟုတ် ကမ္ဘောဒီယားနိုင်ငံသားများဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းများအတွက် မိမိမွေးရပ်နိုင်ငံမှ ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေခဲ့ရသော မြန်မာအလုပ်သမား အရေအတွက်သည် ထိုင်းနိုင်ငံတွင် သန်းချီရှိသည်။
အလုပ်သမားများသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သင်္ကြန်အားလပ်ရက်တွင် မြန်မာနိုင်ငံရှိ မိဘအိမ်သို့ တစ်လခန့်ကြာအောင် နေရပ်ပြန် ရေကစားလေ့ရှိကြသည်။
ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သော နယ်စပ်ဂိတ်များ၊ နိုင်ငံတကာလေဆိပ်များကို ယခင်နှစ်လယ်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ယခုနှစ်တွင် နိုင်ငံအလိုက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် လာအို နှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံမှ မိခင်တိုင်းပြည်များသို့ နေရပ်ပြန် ပျော်ရွှင်နေကြပြီဖြစ်သည်။
သို့သော်လည်း စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခများ၊ နယ်စပ်လမ်းကြောင်းတွင် တိုက်ပွဲဖြစ်ပွားနေမှုများ၊ ပြည်တွင်းစစ်ပွဲများ စသည်တို့ကြောင့် မြန်မာနိုင်ငံသားများမှာ သင်္ကြန်တွင်း နေရပ်ပြန်ဖို့ တွေးပင်မတွေးရဲကြ။
“ဟယ်မျိုးပြန်ဟို့ကွယ်။ အိမ်တွေလည်း ဖျက်ဆီးခံရ။ ရွာကိုလည်း မီးရှို့ခံရနဲ့ ဝါ (ရွာ) မှာ လူမရှိတော့ပြီ” ဟု ညောပြင်ဒေသခံ အလုပ်သမားတစ်ဦး၏ သင်္ကြန်ကာလ အိမ်ပြန်ခွင့်မရတော့ကြောင်း ကြားသိရသည်။
အတိတ်က သင်္ကြန်အိမ်ပြန်ခရီး
မြန်မာနိုင်ငံတွင် ရိုးရာပွဲတော်များစွာရှိသော်လည်း သင်္ကြန်ပွဲတော်ကာလမှာ ခွင့်ရက်ရှည်ရသဖြင့် ထိုင်းရောက် မြန်မာအလုပ်သမား သိန်းချီကာ မိခင်နိုင်ငံသို့ နေရပ်ပြန်လေ့ရှိကြသည်။
မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံး နေ့၊ညမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ခဲ့ရပြီး မိသားစုနှင့်အတူအိမ်ပြန်ပျော်ခွင့်ရဖို့ သင်္ကြန်ကာလကို လနှင့်ချီစောင်ဆိုင်းကြရသည်။
“ပြန်တော့မယ်ဆို အိမ်ကမောင်လေးနဲ့ အမေအဖေတို့နဲ့တွေ့ရတော့မယ်။ ဆိုတာနဲ့တင် စိတ်ထဲအလိုလိုပျော်နေတာ။ သင်္ကြန်မှာလည်း သူငယ်ချင်းတွေနဲ့ ကဲဖို့လည်း ပါတာပေါ့” ဟု ညောပြင်ဒေသခံက ဆိုသည်။
စက်ရုံအများစုက ခွင့်ရက်ပေးသော သင်္ကြန်ပိတ်ရက် ၆ ရက်နှင့် ရိုးရိုး နားရက် ၁၅ ရက်ကိုပေါင်းကာ ၂၁ ရက်အထိ ခွင့်ရက်ရရှိတုန်း နေရပ်ပြန်ကြခြင်းဖြစ်ပြီး ခွင့်ရက်ကာလမှာမူ စက်ရုံအခြေအနေပေါ်တွင် မူတည်ကြောင်း MWRN (The Migrant Workers Rights Network) မှ အလုပ်သမားတာဝန်ခံ ကိုဇော်ကပြောကြားခဲ့သည်။
“သင်္ကြန်ပြန်တော့မယ်ဆိုရင် ကားလက်မှတ်တွေကို ကြိုခံထားရတယ်။ ကြိုမခံထားရင် မရဘူး။ ကြိတ်ကြိတ်တိုးအောင် သွားခဲ့ကြတာ။ မဟာချိုင်ထဲမှာဆိုရင် ဟိုဘက် ကားကွင်းမှာ ကားသွားစီးတာ နည်းတယ်။ ရွတ်တူး (Van) ကားတွေရှိနေတာကိုး။ ဒီရွတ်တူးဂိတ်နဲ့ သွားတာများတယ်။ ဒီရွတ်တူးဂိတ်ဆို ၇ စီး ၈ စီး တန်းစီပြီးကိုထွက်ကြတာ” ဟု ယခင်က သင်္ကြန်ကာလ နေရပ်ပြန်သူများ အခြေအနေကို ၎င်းကဆိုသည်။
ကားလက်မှတ်ရရန်နှင့် အိမ်ပြန်ခွင့်ရက်ယူရန်အတွက် ၃ လပိုင်းအစတည်းက ပြင်ဆင်ခဲ့ကြရပြီး အများစုမှာ အုပ်စုလိုက် ကားငှားကာ မဲဆောက်တံတားသို့ ပြန်လေ့ရှိကြကြောင်း ၎င်းကဆိုသည်။
ထိုင်းအစိုးရကလည်း သင်္ကြန်ကာလ မြန်မာအလုပ်သမားများ ပျော်ရွှင်စွာ နေရပ်ပြန်နိုင်ရန်အတွက် အိမ်ပြန်တုံးကို ၃ လပိုင်း ၄ လပိုင်းအတွင်း ရက်သတ်မှတ်ကာ ကုန်ကျစရိတ်မပေးရဘဲ အခမဲ့ တုံးထုပေးခဲ့ဖူးကြောင်း သိရသည်။
မြန်မာအလုပ်သမား လေးသောင်းခန့်အထိ အိမ်ပြန်ရန် မဲဆောက်တံတားပေါ်တွင် နံနက်မှ နေ့လယ် ၂ နာရီခန့်အထိကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
“အရင်တုန်းက ပြန်ရင် ရုတ်ရုတ်သဲသဲ။ ကျွန်တော်ကိုယ်တိုင်က သင်္ကြန်မှာ ၂ ခေါက်လောက်ပြန်ဖူးတယ်။ ကားဂိတ်တွေမှာ မဆံ့တော့လို့ ရွတ်တူးကားတွေနဲ့ ငှားသွားခဲ့ရတာ” ဟု MWRN မှ ကိုဇော်က ဆိုသည်။
ယခုနှစ် (ကိုဗစ်ကာလနောက်ပိုင်း) ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပြန်ဖွင့်ခဲ့ပြီးနောက် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ သင်္ကြန်နှစ်သစ်ကူးကာလ အိမ်ပြန်နေကြသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာမူ ၎င်းတို့နည်းတူ နေရပ်ပြန် သင်္ကြန်ပွဲတော် ဆင်နွှဲခွင့် မရကြတော့။
သင်္ကြန်မှာ အိမ်ပြန်ကြသည့် သူငယ်ချင်းများ
ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀၀ ကျော်သည် ယခုနှစ်တွင် ရိုးရာနှစ်သစ်ကူးပွဲတော် (Khmer New Year) ကို ဆင်နွှဲကြရန်အတွက် နေရပ်ပြန်နေကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
၎င်းတို့ နေရပ်ကို အဆင်ပြေစွာ ပြန်နိုင်ရန်အတွက် ထိုင်းအာဏာပိုင်များကလည်း နယ်စပ်ဂိတ်များ ဖြတ်ကျော်နိုင်ရန် စနစ်တကျ ပြင်ဆင်ပေးနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
အလားတူပင် လာအိုနိုင်ငံသားများသည်လည်း နှစ်သစ်ကူးပွဲတော် (Pi Mai Lao) ကိုဆင်နွှဲရန် နေရပ်ပြန်နေကြသလို ထိုင်းနိုင်ငံတွင်လည်း ဆွန်ခရမ် (Songkran) ကို ယခုနှစ်တွင် မြို့အလိုက် ပြန်လည်ကျင်းပနေသည်ကို တွေ့မြင်နေခဲ့ကြရသည်။
မြန်မာအလုပ်သမားများမှာမူ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကြောင့် သင်္ကြန်ပွဲတော်မဆင်နွှဲခဲ့ရသလို ၂၀၂၁ အာဏာသိမ်းမှုကြောင့်လည်း နေရပ်ပြန်လို့ သင်္ကြန်ပွဲတော်ဆင်နွှဲခွင့် မရသေးပေ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဆွန်ခရမ်ပွဲတော် စတင်ကျင်းပနေပြီဖြစ်သလို ချွန်ဘူရီခရိုင်တွင်လည်း စတင်ရေကစားနေပြီဖြစ်သည်။
“နှစ်နိုင်ငံက ကပ်လျက်ပါပဲ။ တစ်ဖက်နိုင်ငံမှာတော့ ဆွန်ခရမ်နဲ့ပျော်နေတဲ့အချိန် တစ်ဖက်မှာတော့ ပူဆွေးငိုကြွေးနေကြရတယ်” ဟု ချင်းမိုင်ရောက် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
သူငယ်ချင်းများ အိမ်ပြန်ရန်ပြင်ဆင်နေကြသည်ကိုသာ ကြည့်ရင်း အိမ်လွမ်းစိတ်ဖြင့် မျက်ရည်ကျရသည်ဟု ရွှေ့ပြောင်းလုပ်သားများက ဆိုကြသည်။
ဒီနှစ်သင်္ကြန်လည်း နေရပ်မပြန်နိုင်
၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ နယ်စပ်ဂိတ်များ ပိတ်ချထားမှုကြောင့် မြန်မာအလုပ်သမား အများစုသည် နေရပ်ပြန်နိုင်ရန် အလွန်ခက်ခဲခဲ့ကြသည်။
ကိုဗစ်ကာလတွင် အလုပ်အကိုင်ရှားပါးမှု၊ အလုပ်မှ ရပ်စဲခံရမှုများ ရင်ဆိုင်ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေးအခက်အခဲများ၊ ပုံမှန်ဝင်ငွေမရရှိမှုများကြောင့် အများစု နေရပ်မပြန်နိုင်ခဲ့ကြပေ။
၂၀၂၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် မြန်မာနိုင်ငံသို့ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများ၏ မျှော်လင့်ချက် ပိုဝေးသွားခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်လုပ်ကိုင်နေသူ မသီရိ (အမည်လွှဲ) ကလည်း ယခုနှစ်တွင် နေရပ်ပြန်ရန် စီစဉ်ထားသော်လည်း နိုင်ငံရေးအခြေအနေအရ အိမ်ပြန်လို့ မရတော့ကြောင်း ဆိုသည်။
“နှစ်နှစ်ပြည့်ရင် ပြန်မယ်ဆိုပြီး စိတ်ကူးထားတာ။ နှစ်နှစ်ပြည့်လည်း နိုင်ငံရေးအခြေအနေကြောင့် မပြန်ဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ safety (အန္တရာယ်ကင်းရှင်းရေး)အနေနဲ့ မပြန်တာအကောင်းဆုံးလို့ ထင်လိုက်တယ်” ဟု ၎င်းကဆိုသည်။
ကော့စမွေကျွန်းတွင် ၆ နှစ်ကြာအလုပ်လုပ်ခဲ့သော လောင်းလုံးမြို့နယ် ညောပြင်ရွာဒေသခံတစ်ဦးကလည်း ကိုဗစ်ကာလအတွင်း အိမ်သို့ နောက်ဆုံးပြန်ခဲ့ရသည်။
ကိုဗစ်နောက်ပိုင်းတွင် ထိုင်းသို့ ပြန်သွားခဲ့ပြီး ၁ နှစ်ကြာပြန်လည်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် အမေ၊အဖေနှင့် မောင်လေးကို တွေ့ချင်သည့်အတွက် သင်္ကြန်အိမ်ပြန်ရန် စိတ်ကူးထားခဲ့သော်လည်း နေအိမ်များ မီးရှို့ခံရပြီး မိသားစုဝင်များ တောတောင်တွင်း ရှောင်ပြေးနေခဲ့ရသဖြင့် ပြန်ဖို့မဖြစ်နိုင်တော့ဟု ယင်းညောပြင်ရွာသူကဆိုသည်။
“အိမ်ကို ဘယ်လိုပြန်ရမလဲကွယ်။ ပြန်စရာအိမ်မှာ ဘယ်သူမှမရှိတော့တာ။ မီးရှို့တဲ့ကိစ္စနဲ့ ရွာမှာ လူမနေကြတော့။ စစ်တပ်ကြောင့် တောထဲ ရှောင်ပြေးနေခဲ့ကြရတယ်လေ” ဟု ၎င်းကဆိုခဲ့သည်။
မတ်လ ၂၁ ရက်နေ့တွင် သူမနေထိုင်ရာ လောင်းလုံမြို့နယ် ညောပြင်ကျေးရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် သူမနေအိမ်ဖျက်ဆီးခံခဲ့ရပြီး ဆိုင်ကယ်နှင့် ငွေသိန်း ၂၀ ကို ယူဆောင်သွားခဲ့ကြောင်းဆိုသည်။
မိသားစုဝင်များကမူ ယခုချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တောထဲတွင် ရှောင်နေရဆဲဖြစ်သည်။
လောင်းလုံးမြို့နယ်သည် မတ်လအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်တပ်က အရပ်သားဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်း နေရပ်စွန့်ခွာခဲ့ရသူ စစ်ဘေးရှောင် ၁၀၀၀၀ ကျော်အထိ ရှိခဲ့သည်။
အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့် အခြေအနေများ ကြုံတွေ့နေသဖြင့် လောင်းလုံးမြို့နယ် မိဘနေရပ်ဆီ သင်္ကြန်ကာလပြန်ရန်မှာ မဖြစ်နိုင်တော့ဟု ညောပြင်ရွာသူကရှင်းပြသည်။
ယခင် ကိုဗစ်ကာလမတိုင်ခင်က ကျင်းပခဲ့သော လွတ်လွတ်လပ်လပ်ပျော်ရွှင်ခွင့်ရှိခဲ့သော သင်္ကြန်ကာလကို ရောက်မှသာလျှင် ၎င်းတို့ နေရပ်ပြန်ကာ ပြန်လည်၍ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မည်ဖြစ်ကြောင်း ညောပြင်သူက ဆိုသည်။
အထောက်အထားမရ၊ လမ်းကြောင်းက မလုံခြုံ
ကိုဗစ်ကပ်ရောဂါအပါအဝင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော်ကို အရင်လို စည်ကားစွာ မကျင်းပနိုင်သလို ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်လည်း သင်္ကြန်ကာလ နေရပ်မပြန်နိုင်သည်မှာ ယခုနှစ်တွင် ၄ နှစ် ရှိနေပြီဖြစ်သည်။
နေရပ်မပြန်နိုင်သည်မှာ ကိုဗစ်ရောဂါ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ထိုင်းနိုင်ငံအတွင်း Work Permit သက်တမ်းတိုးလုပ်ငန်းစဉ် မပြီးဆုံးသေးခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လုပ်ငန်း မြန်ဆန်မှုမရှိခြင်းတို့ကြောင့်ဟု အလုပ်သမားများက ဆိုခဲ့သည်။
“ကျွန်မမှာဆို ပက်ပိုစ့်သက်တမ်း ၅ နှစ်ကုန်ပြီ။ ဒီကြားထဲမှာ သက်တမ်းတိုးရမယ့်ဆဲဆဲ။ နောက်တစ်ခုက ပန်းရောင်ကတ်ရိုက်နေဆဲဆဲ။ ဘာမှလက်ထဲ အတိအကျမရောက်လာသေးဘူး။ ဒီကြားထဲ ပြန်လိုက်ရင် ပြန်တက်တဲ့အချိန် အခက်အခဲဖြစ်ပြီ” ဟု ဘန်ကောက်ရှိ မသီရိက ဆိုသည်။
ယခုအချိန်တွင် ပန်းရောင်ကတ် ခေါ် အလုပ်သမားကတ် ရိုက်ထားသူများသည် Work Permit သက်တမ်းကုန်ဆုံးနေသဖြင့် သက်တမ်းတိုးနေဆဲဖြစ်ပြီး သက်တမ်းတိုးလုပ်ငန်းစဉ်မှာ မေလလယ်ပိုင်းမှ ပြီးဆုံးမည်ဖြစ်သည်။
“Work Permit အစစ်က အခုထိမရသေးဘူး။ စာရွက်တွေနဲ့ပဲ့ ရသေးတယ်။ ဘာမှမပြည့်စုံနေသေးဘူး” ဟု ၎င်းကဆိုသည်။
သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့်အတူ လုံခြုံရေးကြောင့် ၅ နှစ်ကြာ နေရပ်မပြန်နိုင်သေးသော သူမသည် ယခုနှစ် သင်္ကြန်ကာလတွင်လည်း မြဝတီလမ်းကြောင်းအခြေအနေကြောင့် ထိုင်းတွင် ဆက်လက်သောင်တင်နေဆဲဖြစ်သည်။
ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည်ဆိုပါက မဲဆောက်-မြဝတီ လမ်းမှတစ်ဆင့် နေရပ်မပြန်ကြဖို့ သတိပြုမိရန် လိုအပ်ပေသည်။
အကြောင်းမှာ သင်္ကြန်ကာလအတွင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဧပြီလ ၇ ရက်နေ့က မြေပြင်ပူပေါင်းစစ်ကြောင်းများကစာဖြင့် ထုတ်ပြန်ကြေညာထားသည်။
ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီမှ အရပ်သားကားများ အသုံးပြု၍ လူအင်အား၊ လက်နက်ခဲယမ်းများပို့ဆောင်နေသည့်အတွက် ဧပြီလ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ထုတ်ပြန်ထားခဲ့သည်။
ယခုသင်္ကြန်ကာလတွင် မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်ကရင်ပြည်နယ်သို့ အိမ်ပြန်ဖို့ စီစဉ်ထားသော်လည်း ကားလမ်းပိတ်ထားမှုကြောင့် မပြန်ဖြစ်တော့ကြောင်း ထိုင်းရောက် ကရင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က အစက အိမ်ပြန်မယ်။ အခုက တိုက်ပွဲဖြစ်နေတယ်လေ။ လေယာဉ်နဲ့လည်း ပြန်လို့မရဘူးလေ။ ကားနဲ့ပဲ့ရှိတာ။ အခုက လမ်းလည်းပိတ်ထားတယ်” ဟု ၎င်းကဆိုသည်။
၎င်းတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) သာရှိနေပြီး နိုင်ငံကူးလက်မှတ်မရှိသေးသည့်အတွက် လေယာဉ်လမ်းကြောင်းဖြင့် အိမ်ပြန်ခွင့်မရှိ။
“ဒီလကုန်ရင်တော့ ရအောင်ပြန်မယ်။ ခိုးကြောင်ခိုးဝှက်လမ်းကပဲ။ အန္တရာယ်ရှိမရှိတော့မပြောတတ်။ တစ်နိုင်ငံလုံး အန္တရာယ်ရှိနေတယ်လေ” ဟု ၎င်းကဆိုသည်။
ယင်းနည်းတူ သင်္ကြန်ကာလ ရနောင်း-ကော့သောင်းလမ်းမှ ပြန်မည့်သူများလည်း မြိတ်-ဘုတ်ပြင်းကားလမ်းပိတ်ထားသဖြင့် မပြန်ကြဖို့ သတိထားရမည်ဖြစ်သည်။
မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၃ ရက်နေ့မှ စ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
တားမြစ်ချက်ကို လိုက်နာကြရန်နှင့် ကြေညာချက်ကိုလည်း ပြန်လည်မရုတ်သိမ်းခင်အထိ အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့အထိ ကြေညာချက် ရုတ်သိမ်းခြင်းမရှိသေးပေ။
သို့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် ကားလမ်းအတိုင်း ပြန်ရန် ခက်ခဲနေကြသည်။
လေယာဉ်ကို အသုံးပြုသွားလာနိုင်သော်လည်း စရိတ်ကြီးမားသဖြင့် လူတိုင်းအတွက် မဖြစ်နိုင်ပေ။
နေရပ်ပြန်ရောက်ရှိနေသူများလည်း ထိုင်းနိုင်ငံသို့ ပြန်ဝင်ရန်အတွက် ယခင်ကဲ့သို့ လွယ်ကူမနေတော့ပေ။
မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ နေရပ်ပြန်ခဲ့ပြီး တစ်လအကြာတွင် ထိုင်းနိုင်ငံသို့ ပြန်ဝင်ရန်ကြိုးစားနေသော အလုပ်သမား အမျိုးသမီးတစ်ဦးကလည်း မြဝတီ အာရှလမ်းမကြီး ပိတ်ထားခဲ့မှုကြောင့် မြန်မာနိုင်ငံတွင်ပင် ပြန်လည်ပိတ်မိနေခဲ့သည်။
“ကျွန်မ ထွက်လာတဲ့အချိန်က အေးဆေးပဲ အခုပြန်ဖို့ကျတော့ ပြန်လို့မရတော့ဘူး။ ကားသမားတွေလည်း သွားမရဲတော့ဘူး။ သွားလို့ရတဲ့ အချိန်ကိုပဲစောင့်ရတော့မှာပေါ့။ဘာလို့လဲဆို လေယာဉ်နဲ့က စိတ်ချရပေမယ့် အကုန်အကျများတယ်လေ။ အဲဒါကြောင့်ပါ” ဟု ၎င်းကဆိုသည်။
ထို့ကြောင့် မြန်မာအလုပ်သမားများသည် သင်္ကြန်ကာလ နေရပ်မပြန်နိုင်ရုံသာမဟုတ်ဘဲ ထိုင်းပြန်လာသောအခါတွင်လည်း အခက်အခဲကြုံရမည်ဖြစ်သည်။
ယင်းအချက်များကြောင့်ပင် သင်္ကြန်တွင်း နေရပ်မပြန်ကြရန် မြန်မာအများစုက ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
မျက်ရည်သင်္ကြန်
စစ်ကောင်စီမှ အာဏာသိမ်းထားချိန်အတွင်း သတ်ဖြတ်မှု၊ ရက်စက်မှုများကို မြန်မာနိုင်ငံသားများ ခံစားနေရချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများသည်လည်း ထပ်တူခံစားနေခဲ့ကြရသည်။
ထိုင်း ဆွန်ခရမ်ပွဲတော်တွင် ရွှေ့ပြောင်းအလုပ်သမားများက ကိုယ့်ပြည်သူလူထုအတွက် ပုံစံအမျိုးမျိုးဖြင့် ပါဝင်ကြမည်ဖြစ်သလို မကျင်းတော့သည့် ပွဲများလည်းရှိနေခဲ့သည်။
မြန်မာအလုပ်သမား သိန်းချီရှိသော စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စစ်ဘေးရှောင် ရန်ပုံငွေပွဲအဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဆုံးကျင်းပမည်ဖြစ်သည်။
“ပုသိမ်ထီးတွေနဲ့ ချိတ်မယ်။ အထဲမှာ အေးဆေး ရေကစားမယ်။ ဝင်ကြေးအနေနဲ့ ကောက်မယ်။ ရရှိတဲ့ ဝင်ကြေးတွေကို စစ်ဘေးရှောင်တွေကို လှူမယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောဆိုသည်။
ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀ နှုန်း သတ်မှတ်ထားပြီး ပွဲတော် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၁၀၀၀၀ ကျော် လာရောက်ကစားကြမည်ဟု ခန့်မှန်းထားသည်။
ထို့အတွက် စစ်ဘေးရှောင်ပြည်သူများထံသို့ ဘတ်ငွေ ၅ သိန်းခန့် ကူညီထောက်ပံ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။
သို့သော်လည်း ယခင်က မဟာချိုင်တွင် ကျင်းပနေကျဖြစ်သော မြန်မာသင်္ကြန်ပွဲကို ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများကို ငဲ့ညှာသဖြင့် မကျင်းပဖြစ်တော့ကြောင်း MWRN အဖွဲ့ထံမှ သိရသည်။
“ဒီနှစ် မလုပ်ဘူး။ စိတ်လည်း မပါဘူး။ နောက်ကွယ်မှာ ငိုနေရတဲ့ လူတွေကို အားနာလို့” ဟု MWRN မှ ကိုဇော်က ဆိုသည်။
သင်္ကြန်ကာလတွင် မြန်မာနိုင်ငံသို့ ပြန်နေကျဖြစ်သော ညောပြင်ဒေသခံကလည်း ယခုနှစ် သင်္ကြန်တွင် အိမ်ပြန်ခွင့်မရတော့ပေ။ အိမ်ပြန်ခွင့်ရရင်လည်း အိမ်မရှိတော့သူက ခပ်များများဖြစ်နေသည်။
ဒေသတွင်း သင်္ကြန်ပွဲတော် ဆင်နွှဲကြသူများမှာ ပျော်ပျော်ရွှင်ရွှင် ရေပတ်ကစားကြသော်လည်း မြန်မာနိုင်ငံသားများအတွက်ကတော့ မျက်များဖြင့်ပက်ရသည့် သင်္ကြန်ပွဲဟုဆိုရမည်ဖြစ်သည်။
ပျော်ရွှင်စရာကောင်းခဲ့သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ စစ်အာဏာသိမ်းမှုနှင့်အတူ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ပြီး အတာရေအစား မျက်ရည်များသာ မြန်မာနိုင်ငံအနှံ့မြင်တွေ့ ကြရသည်။
“သူများတွေပြန်မယ်ဆို အိမ်ရှိသေးတယ်။ ကျွန်မပြန်မယ်ဆို အိမ်က အရင်လို ရှိပါ့မလားပဲ။ တစ်ရွာလုံးနီးပါး မီးရှို့ခံထားရတာ။ တစ်ရွာလုံးလည်း လူမရှိတော့ဘူး” ဟုညောပြင်သူက ဆိုလိုက်သည်။