BREAKING
February 26, 2025

အင်ဒိုနီးရှားတွင် ခေါက်ဆွဲခြောက်ထုပ်ကြောင့် ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍တစ်ဦးသေဆုံး

April 13, 2023

အင်ဒိုနီးရှားနိုင်ငံတွင် အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်ကြောင့် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ပြီး ညီဖြစ်သူက ဓားဖြင့်ထိုး၍ အစ်ကို သေဆုံးသွားကြောင်း အင်ဒိုမီဒီယာများက ဖော်ပြသည်။

ဆူမားတြားတောင်ပိုင်း လာလန်ခရိုင်တွင် ဧပြီလ ၈ ရက်နေ့က အသက် ၁၅ နှစ်အရွယ် အမျိုးသားသည် ဝါဖြေရန် အနီးနားရှိ ဆိုင်တစ်ဆိုင်မှ အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်ကို ဝယ်ယူခဲ့ပြီးနောက် ဤသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံရဲများ၏ ပြောကြားချက်အရ ဆယ်ကျော်သက်အရွယ် ညီဖြစ်သူမှာ ဝါဖြေရန် ခေါက်ဆွဲထုပ် သွားရောက်ဝယ်ယူခဲ့သော်လည်း တစ်ထုပ်တည်း ဝယ်လာကြောင်း သိလိုက်ရသည့်အခါ အသက် ၂၇နှစ်အရွယ် အစ်ကိုဖြစ်သူ က ဒေါသထွက်သွားခဲ့ကြောင်း သိရသည်။

အစ်ကို ဖြစ်သူက ညီဖြစ်သူ ကိုပါးရိုက်ကာ ဒေါသတကြီးဖြင့် ပါးကိုညှစ်ခဲ့ကြောင်း လာလန်ခရိုင် ရဲမှူး ဟာဆူရန်ဂန် ဟူတာဂျူလူ က ဧပြီလ ၁ဝရက်နေ့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဤသို့ပြုမူခံရသည့်အတွက် ဒေါသတကြီးဖြင့် ညီကအစ်ကို၏ဗိုက်ကို ဓားဖြင့်ထိုးခဲ့ကြောင်း Kompas.com သတင်းဌာန က ဖော်ပြခဲ့သည်။

“ကျူးလွန်သူက မီးဖိုချောင်ထဲမှာ ကြက်သွန်နီနဲ့ ဟင်းနုနွယ်ရွက်ကို လှီးနေရင်း အဲ့ဒီဓားနဲ့ပဲ သေဆုံးသူ ရဲ့ ဗိုက်ကို ရုတ်တရက်ဆိုသလို ထိုးခဲ့တာဖြစ်ပါတယ်” ဟု ရဲမှူး ဟူတာဂျူလူ ကပြောသည်။

မိသားစုဝင်များက ဒဏ်ရာရရှိခဲ့သော အစ်ကိုဖြစ်သူကို နီးစပ်ရာ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း ဖြစ်စဉ် ဖြစ်ပွားပြီး မကြာခင် သေဆုံးသွားခဲ့သည်။

အခင်းဖြစ်ပွားရာမှာ အသုံးပြုခဲ့သည့် ဓားကို သိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်သူ အဆိုပါဆယ်ကျော်သက်အား ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရွာသူကြီး ကာရန် အာဂွန်း အာရီပင်က မိသားစုအတွင်း မည်သို့သော ပြဿနာတစ်စုံတစ်ရာရှိမှန်း မသိကြောင်း၊ အဆိုပါ ဆယ်ကျော်သက်သည် ပတ်ဝန်းကျင်တွင် အနေအေးသော ကလေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Reference ● The Straits Times