BREAKING
March 13, 2025

ဘီးလင်းတွင် လူငယ်များကို စစ်ကောင်စီဆက်တိုက်ဖမ်းဆီး

March 13, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လူငယ်များကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေပြီး မတ်လ ဒုတိယအပတ် အတွင်း၌ပင် လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မတ်လ ၉ရက် ညက ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် အမျိုးသမီးများအပါအဝင် လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား ကျေးရွာဒေသခံအချို့က ပြောသည်။

အဆိုပါလူငယ်များကို မည်သည့်အကြောင်းအရင်ကြောင့် ဖမ်းဆီးသွားသည်ကိုမသိရသေးသလို အဆက်အသွယ်လည်း မရရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

“စိုးရိမ်နေကြတာက သူတို့ကို စစ်မှုထမ်းအတွက် ပို့လိုက်မှာကိုပဲ စိုးရိမ်နေကြတယ်။ အဖမ်းခံရတာတွေက လူငယ်တွေပဲဖြစ်နေတော့ စစ်မှုထမ်းအတွက်ပဲ ဖမ်းတာလားပေါ့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၁၀ ရက် ညနေပိုင်းတွင် ဘီးလင်းမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် လူငယ် ၅ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောဆိုသည်။ ဖမ်းဆီးခံရသည့် လူငယ်များ၏ အချက်အလက်များကို Dawei Watch ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဖမ်းဆီးခံရသူအများစုသည် အသက် ၂၀ နှင့် ၃၀ ကြားအရွယ်လူငယ်များဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။

“လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးတယ်။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်။ လူမသိ သူမသိ ဖမ်းခံရတာတွေ လည်း အများကြီးရှိပါတယ်။ ဖမ်းခံရပြီးရင် တချို့သတင်းအစအန ပျောက်နေတာတွေလည်းရှိတယ်။ တချို့က လိုက်တော့ ငွေအဆမတန်ပေးပြီးမှ ပြန်လွတ်လာတာလည်း ရှိတယ်။ စစ်မှုထမ်းသင်တန်းပို့ဖို့ လူငယ်တွေကို လိုက်ဖမ်းနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

လူငယ်များကို ညအချိန် နေအိမ်များတွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်း၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းမှုကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာ လူငယ်များအား ဖမ်းဆီးခြင်းတို့ကိုလည်း စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင် နေကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အစုလိုက် အပြုံလိုက် အတင်းအဓမ္မဖမ်းဆီးခံရသည့် ဖြစ်စဉ်လည်းများလာကြောင်း လဂွန်းအိမ်စာစဉ်က မတ်လ ၆ရက်တွင် ထုတ်ပြန် သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း၌ မွန်ပြည်နယ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရမှုအပါအဝင် ဖမ်းဆီးခံရသူ ၆၄ ဦးအထိ ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။