BREAKING
March 13, 2025

ယူကရိန်းအရေး ကန်နှင့် ဆွေးနွေးရန် ယခင်တောင်းဆိုချက်များနည်းတူ ရုရှား တောင်းဆို

March 13, 2025

ယူကရိန်း ကျူးကျော်စစ်ကို အဆုံးသတ်ရေး ၊ အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရေးအတွက် ရုရှားဘက်က အမေရိကန်အပေါ် ယခင်နည်းတူ တောင်းဆိုလာကြောင်း အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ သိရှိသူနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ရုရှား၏ တောင်းဆိုချက်အလုံးစုံတွင် မည်သည့်အချက်များ ပါဝင်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တောင်းဆိုချက်များကို အမေရိကန်ဘက်က လက်မခံမီ ရုရှားဘက်က ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်လားဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရုရှားနှင့် အမေရိကန်သည် ယူကရိန်းစစ်အဆုံးသတ်ရေး ၎င်းတို့ နှစ်ဦးနှစ်ဘက် လိုလားတောင်းဆိုချက်များကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဆွေးနွေးခဲ့ကြသည်ဟု အထက်ပါ သတင်းအရင်းအမြစ်များက ပြောသည်။

ရုရှားဘက်က အသိပေးလာသည့် ယခုတောင်းဆိုချက်များမှာ ကျယ်ပြန့်ပြီး ယခင်ကတည်းက ယူကရိန်း ၊ အမေရိကန်နှင့် နေတိုးအဖွဲ့အပေါ် ၎င်းတို့ တောင်းဆိုလာခဲ့သည့်အချက်များနှင့် မနီးယိုးစွဲ ဖြစ်သည်ဟု ၎င်းသတင်းအရင်းအမြစ်များက ဆိုသည်။

ရုရှား၏ ယခင်တောင်းဆိုချက်များတွင် နေတိုးအဖွဲ့ထဲ ယူကရိန်းကို ဝင်ခွင့်မပြုရေး ၊ ယူကရိန်းတွင် နိုင်ငံခြားတပ်ဖွဲ့များ မချထားရေး ၊ ခရိုင်းမီးယားနှင့် ယူကရိန်းပြည်နယ်လေးခုကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုရေးတို့ပါဝင်သည်။ ယူကရိန်းစစ်အဆုံးသတ်ရေး အမေရိကန်နှင့် ဆွေးနွေးရန် ရုရှားဘက်က တောင်းဆိုချက်များတွင် ယင်းအချက်တို့ ပါဝင်နေကြောင်း သိရသည်။

ဥရောပအရှေ့ဘက်သို့ နေတိုးအဖွဲ့၏ ချဲ့ထွင်လာမှုသည် ယူကရိန်းစစ်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများတွင် ပါဝင်သည်ဟု ရုရှားဘက်က ပြောဆိုခဲ့ဖူးသည်။

ယင်းပြဿနာများကို အမေရိကန်နှင့် နေတိုးအဖွဲ့က ဖြေရှင်းပေးသင့်သည်ဟု မကြာသေးမီနှစ်များအတွင်း ရုရှားဘက်က တောင်းဆိုခဲ့သည်။

အမေရိကန် အဆိုပြုသည့် ရက် ၃၀ ကြာ အပစ်ရပ်ရေးကို စစ်ပွဲအဆုံးသတ်ရေး ကနဦးခြေလှမ်းအနေဖြင့် ယူကရိန်းဘက်က သဘောတူလက်ခံလိုက်သည်။ ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ဖန်တီးရန် ယင်းအပစ်ရပ်သဘောတူညီချက်ကို အသုံးပြုနိုင်သည်ဟု ယူကရိန်းသမ္မတဇလန်းစကီးက ဆိုသည်။

အဆိုပါ ကာလတိုအပစ်ရပ်ရေးကို ပူတင်ဘက်က လက်ခံမှုရှိမရှိ အကြောင်းပြန်လာမည်ကို ဒေါ်နယ်ထရမ့်က စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ကေဂျီဘီအရာရှိဟောင်းတစ်ဦးဖြစ်သည့် ပူတင်သည် ယင်းကာလတိုအပစ်ရပ်ရေးကို အသုံးချပြီး အမေရိကန် ၊ ယူကရိန်းနှင့် ဥရောပကို သွေးခွဲရန် အရှိန်မြှင့်လုပ်ဆောင်လာမည်ကို အမေရိကန်အရာရှိအချို့နှင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးနှင့် အိမ်ဖြူတော်က ရုရှား၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ခြင်း မရှိသေးပေ။

Source: Reuters