လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနှင့် စမ်းလှမ်းကျေးရွာများအနီးတွင် ယနေ့ မတ်လ ၁၃ ရက် နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ရေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မောင်းမကန်ရဲစခန်းနှင့် လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ လက်ခတ်တောင် စစ်ကောင်စီစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ချိန်းတည်းဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းသို့တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှစ်ခုလုံးသို့ အနောက်ဘက်ပင်လယ်ရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ကပြောသည်။
နံနက် ၁၀ နာရီကျော်အချိန်တွင်မူ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးရောက်လာပြီး လက်ခတ်တောင်ကို ဗုံးနှစ်လုံးကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မျက်မြင် ဒေသခံတို့ကပြောသည်။
“လေယာဉ်နဲ့ဗုံးချသွားတာကို ကျွန်တော်တို့မြင်လိုက်ရတယ်။ ပြီးမှ သေနတ်နဲ့ဆွဲသွားတာ” ဟု ၎င်းဒေသခံကဆိုသည်။
နေ့လယ် ၁ နာရီခန်တွင်နောက်တစ်ကြိမ် လေယာဥ်ဖြင့် လက်ခတ်တောင်နေရာအား ထပ်မံဗုံကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
မောင်းမကန်ရဲစခန်းပစ်ခတ်မှုတွင် ပြည်သူလေးဦး ဗုံးစထိမှန် ဒဏ်ရာရထားကြောင်း ဒေသခံတို့ကပြောဆိုသော်လည်း လတ်တလောတွင်မူ နှစ်ဦးသာ အတည်ပြုနိုင်သေးသည်။
မောင်းမကန်ရဲစခန်းနှင့် မလှမ်းမကမ်းရှိ နို့စို့အရွယ်ကလေးမိခင်တစ်ဦးတွင်မူ ဝမ်းဗိုက်တွင် ဗုံးစထိမှန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးမှာ လက်မောင်းတွင် ထိမှန်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဗိုက်မှာရှပ်ပြီးထိတာ။ သူ့ကလေးကို နို့တိုက်နေတဲ့အချိန်မှာ ထိသွားတာ။ သူ့မှာတော့ တော်တော်(ဒဏ်ရာ) များတယ်။ နောက်တစ်ယောက်ကလည်း မိန်းမကြီးပဲ သူ့ကလက်မောင်းမှာထိတာ။ အဲနှစ်ယောက်ပဲအတိကျသိသေးတယ်။ ကြားတာကတော့ သုံးလေးယောက်ထိထားတယ်လို့ကြားတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မောင်းမကန်ရဲစခန်းပစ်ခတ်မှုတွင်မူ စစ်ကောင်စီတပ်ကလေကြောင်း အသုံးပြုခြင်းမရှိဘဲ ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ကပြောသည်။
“လူတွေပြောနေကြတာကတော့ အမျိုးမျိုးပဲ။ ရဲစခန်းကို ဒရုန်းနဲ့လာချတယ်လည်းပြောတယ်။ ပင်လယ်ထဲကနေ လက်နက်ကြီးပစ်တယ်လို့လည်းပြောတယ်။ ရဲစခန်းကနေ ပစ်ထုတ်လို့ ထိတယ်လို့လည်းပြောနေတယ်။ ဘယ်ဟာအမှန်လဲတော့မသိဘူး” ဟု အထက်ပါဒေသခံကပြောဆိုသည်။
နံနက် ၁၂ နာရီအချိန်အထိမေးမြန်းချက်အရ မောင်းမကန်ဖက်တွင်မူ ပစ်ခတ်သံများမကြားရတော့ပဲ လက်ခတ်တောင်ဖက်တွင်မူ ပစ်ခတ်သံရံဖန်ရံခါကြားနေရဆဲဖြစ်ကြောင်း သိရသည်။
ယနေ့တပေါင်းလပြည့်နေ့ဖြစ်သဖြင့် ယင်းကဲ့သို့ စစ်သင်္ဘော၊ လေယာဥ်တို့ဖြင့် တိုက်ခိုက်ခံနေရသည့် လောင်းလုံမြို့နယ်အတွင်း အလှူအတန်များ ကျင်းပနေချိန်လည်းဖြစ်သည်။
လောင်းလုံးမြို့နယ်တွင် မတ်လ ၈ ရက်နေ့မှစပြီး စစ်ရေးတင်းမာလျက်ရှိနေသည်။