BREAKING
March 13, 2025

အဓမ္မစစ်မှုထမ်းစုဆောင်းပြီး ရှေ့တန်းပို့ခံရသူနှစ်ဦး တနင်္သာရီ ပကဖထံ ဘက်ပြောင်းခိုလှုံ

March 13, 2025

ဓာတ်ပုံ - တနင်္သာရီ ပကဖ

စစ်မှုထမ်းမဲပေါက်၍ စစ်သားစုဆောင်းခံရသူတစ်ဦးနှင့် အလုပ်က ပြန်လာချိန် ဖမ်းဆီးစစ်သားစုဆောင်းခံရသူတစ်ဦးတို့ ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါအဖွဲ့က မတ်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါတပ်သားနှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် (၁) တွင် အဓမ္မစုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲရှေ့တန်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ် ပကဖထံ ဆက်သွယ်ကာ ဖေဖော်ဝါရီလ ၁၂ရက်တွင် ဘက်ပြောင်းခိုလှုံလာကြောင်း မြို့နယ်ပကဖ ဒုတာဝန်ခံက ဆိုသည်။

“သူတို့က ပုလောမြို့ကို အရင်ရောက်တယ်။ ပြီးတော့ ၁၂လပိုင်းလောက်ကျတော့မှ တနင်္သာရီဘက်ကို ရောက်လာတယ်။ သိန်ခွန်းတိုက်ပွဲအတွင်းကနေမှ ထွက်ပြေးလာတာပါ။ လက်ရှိမှာ သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာမှာထားထားပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ဦးနှစ်ဖက်လုံခြုံရေးအရ ဘက်ပြောင်းခိုလှုံပြီး တစ်လနီးပါးအကြာမှ ထုတ်ပြန်ရခြင်းဖြစ်ပြီး ရှေ့ဆက် မည်သို့ လုပ်ဆောင်မည်ကို ဘက်ပြောင်းခိုလှုံသူနှစ်ဦး၏ စိတ်ဆန္ဒအတိုင်းသာ ဆုံးဖြတ်ခွင့်ပြုထားကြောင်းကို တနင်္သာရီမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောဆိုသည်။

“လက်နက်ပါပါ၊ မပါပါ စစ်မှုထမ်းဖြစ်ဖြစ်၊ ရဲဘော်ဖြစ်ဖြစ် ကျွန်တော်တို့က ကြိုဆိုပြီးသားပါ။ ကျွန်တော်တို့နဲ့ ပေါင်းပြီး စကစကို ပြန်တိုက်တာဖြစ်ဖြစ်၊ တခြားကို သွားချင်တာမျိုးဖြစ်ဖြစ် သူတို့ သဘောအတိုင်းလုပ်ခွင့်ပြုထားတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့နှစ်ဦးသည် ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တွင် သင်တန်းတက်ရပြီးနောက် ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်သို့ ပို့ဆောင်ခံခဲ့ရကြောင်း ကာယကံရှင်တို့၏ ပြောဆိုချက်ကို ကိုးကားပြီး တနင်္သာရီမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောဆိုသည်။

စစ်မှုထမ်းအဖြစ်အဓမ္မစုဆောင်းခံခဲ့ရသူနှစ်ဦး မြိတ်ပကဖထံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ဘက်ပြောင်းခိုလှုံခဲ့သေးသည်။