အီရန် အဏုမြူလက်နက်အရေး ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သောကြာနေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး တရုတ်၊ ရုရှားနှင့် အီရန်တို့ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မာဂျောင်းရှူက သဘာပတိအဖြစ် ဦးဆောင်မည့် ယင်းဆွေးနွေးပွဲကို အီရန်နှင့် ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။
၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ် စတင်ဖြစ်ပွားပြီးကတည်းက အီရန်နှင့် ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလကပင် မဟာဗျူဟာမြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးသည် တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်လျက် ရှိသည်။
ဘေဂျင်းဆွေးနွေးပွဲပြုလုပ်မည့် သောကြာနေ့မှာပင် အီရန်၏ အဏုမြူလက်နက်တိုးချဲ့မှုကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့၌ ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းအစည်းအဝေးတွင် အီရန်၏ ယူရေနီယမ် သန့်စင်မှု တိုးမြှင့်လာမှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အီရန်၏ အဏုမြူလက်နက်စီမံကိန်း အရှိန်မြှင့်လာနေမှုကို ဖြေရှင်းရန် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေသည်နှင့် ပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ပြီးခဲ့သည့် အပတ်က ဆွေးနွေးခဲ့သည်။
အီရန်နှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ကူညီပေးမည်ဟု ရုရှားကသဘောတူလိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ယင်းသို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အဏုမြူလက်နက်ထုတ်လုပ်ရန် ဆန္ဒရှိနေသည်ဟူသော စွပ်စွဲချက်များကို အီရန်ဘက်က အချိန်အတော်ကြာ ငြင်းဆန်လာခဲ့သော်လည်း အီရန်သည် ၎င်း၏ ယူရေနီယမ် သန့်စင်မှုကို ၆၀ ရာခိုင်နှုန်းအထိ ရောက်ရန် အရှိန်မြှင့်လုပ်ဆောင်လာနေသည်ဟု ကုလသမဂ္ဂ အဏုမြူလက်နက်စောင့်ကြည့်ရေးအဖွဲ့ IAEA က သတိပေးချက် ထုတ်ပြန်ထားသည်။
ယင်းပမာဏသည် အဏုမြူလက်နက်ထုတ်လုပ်ရန် အကြမ်းဖျင်း လိုအပ်သည့် ယူရေနီယမ် သန့်စင်မှု ၉၀ ရာခိုင်နှုန်းနှင့် နီးစပ်လာနေသည်။
အီရန်သည် ၎င်း၏ အဏုမြူလက်နက်ထုတ်လုပ်ရေးကြိုးပမ်းမှုများကို ကန့်သတ်ရန် JCPA သဘောတူစာချုပ်ကို ဗြိတိန် ၊ တရုတ် ၊ ပြင်သစ် ၊ ဂျာမဏီ၊ ရုရှား ၊ အမေရိကန်နိုင်ငံတို့နှင့် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည်။ ယင်းသဘောတူညီချက်အရ အီရန်အပေါ် ချမှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်တွင် ယင်းသဘောတူညီချက်မှ အမေရိကန်အစိုးရ နုတ်ထွက်သွားခဲ့သည်။ အီရန်သည်လည်း ၎င်း၏ အဏုမြူလက်နက်ထိန်းချုပ်ရေး ကတိကဝတ်များကို စတင်ချိုးဖောက်လာခဲ့သည်။
အီရန်က ၎င်း၏ တရားနည်းလမ်းကျသည့် အခွင့်အရေးများကို ကာကွယ်မှုကို ထောက်ခံကြောင်း တရုတ်အစိုးရက ပြောဆိုကာ အဏုမြူလက်နက်အရေးဆွေးနွေးမှုများ လျှင်လျှင်မြန်မြန် ပြန်လည်စတင်ရန် လိုလားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
Source: Reuters