BREAKING
March 13, 2025

ဘန်ကောက်တွင် မြန်မာတက္ကသိုလ်ကျောင်းသား သေဆုံးမှု တရားစွဲထား၊ အမှုမှန်ပေါ်ရေး ဝိုင်းဝန်းပေးကြရန်မိသားစုဆို

March 13, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Assumption University တွင် ကျောင်းတက်နေသော မြန်မာတက္ကသိုလ် ကျောင်းသားတစ်ဦး ကားတိုက်ခံရသဖြင့် သေဆုံးခဲ့မှုတွင် ကားသမားအပါအဝင် တာဝန်ပျက်ကွက်သူများကို အရေးယူနိုင်ရန် တရားစွဲဆိုထားကြောင်း သေဆုံးသူ၏ မိသားစုဝင်ထံမှ သိရသည်။

သေဆုံးပြီး သုံးလကျော်သည်အထိ ကားတိုက်ခံရမှုအတွက် အမှုမှန်မရသေးသဖြင့် အမှုမှန်ပေါ်ပေါက်လာစေရေး ဝိုင်းဝန်းကူညီကြရန် လိုအပ်နေကြောင်းလည်း ညီဖြစ်သူက မတ်လ ၁၂ ရက်နေ့က ပြောသည်။

“နောက်ဆုံး တရားစွဲထားတာက အမှုကို တရားရုံးကို တင်ရုံပဲ ရှိသေးပါတယ်။ အစစ အရာရာ နှောင်းနှေးနေခဲ့တယ်။ ကားသမားကတော့ အပြင်မှာ နေနေရတုန်းပဲ။ ကားသမားကိုရော တာဝန်ပျက်ကွက်သူတွေကိုရော ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေဆဲပဲ” ဟု ညီဖြစ်သူက ဆိုသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တက္ကသိုလ်ဝင်းထဲတွင် အသက် ၂၃ နှစ်အရွယ် ကိုမင်းဘုန်းစစ် သည် ဆိုင်ကယ်ဖြင့် ကျောင်းလာစဉ် မျဉ်းသေဖြတ်မောင်းလာသော ကားတစ်စီးနှင့် ဝင်တိုက်မိသဖြင့် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြောင်း ၎င်းထံမှသိရသည်။

တက္ကသိုလ်ဝင်းထဲရှိ အရေးပေါ်ကားက ဘီးပေါက်နေသဖြင့် နီးစပ်ရာအရေးပေါ်ကားသို့ ခေါ်ချိန်တွင် ကိုမင်းဘုန်းစစ်သည် နေ့လယ် ၁၂ နာရီ နေပူကြီးထဲတွင် ပြင်းထန်ဒဏ်ရာများကြောင့် သွေးများထွက်နေပြီး အရေးပေါ်ကားကို တစ်နာရီခန့်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း ၎င်းကဆိုသည်။

ဆေးရုံအရောက်တွင် ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်က ည ၇ နာရီတွင် ရောက်ရှိလာပြီး ကိုမင်းဘုန်းစစ်ကို ခွဲစိတ်ကုသရန် လိုအပ်ကြောင်းပြောသဖြင့် မိသားစုဝင်များက လက်မှတ်ထိုးပေးခဲ့ဟုဆိုသည်။

ယင်းအချိန် ဆေးရုံဘက်က ခွဲစိတ်ကုသစရိတ် အာမခံငွေ ဘတ် ၂ သိန်းပေးမှ ခွဲစိတ်ပေးမည်ဟု ပြောသဖြင့် သူငယ်ချင်းများထံက ချေးငှားပြီး ပေးခဲ့ရကြောင်း ခွဲခန်းထဲတွင် ကိုမင်းဘုန်းစစ်သည် ဦးနှောက်ပိုင်းနှင့် မျက်နှာပိုင်းကို ခွဲစိတ်ကုသရကြောင်း မိသားစုဝင်ထံမှ သိရသည်။

ကားတိုက်မှုဖြစ်ပြီး နှစ်ရက်အကြာတွင် ကိုမင်းဘုန်းစစ်သည် ရရှိထားသော ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ညီဖြစ်သူက ပြောသည်။

ဆေးရုံဘက်ကလည်း ခွဲစိတ်ကုသစရိတ် နောက်ထပ် ဘတ် ၂ သိန်း ထပ်မံပေးဆောင်မှသာ အလောင်းကို ထုတ်ပေးမည်ဟုဆိုသဖြင့် ကိုယ်တိုင် ငွေပေး၍ အလောင်းကို ထုတ်ခဲ့ရကြောင်း ညီဖြစ်သူက ဆိုသည်။

ယင်းအချိန်တွင် ကားသမားသည် ရဲစခန်းတွင် ခံဝန်ထိုး၍ လွတ်မြောက်နေဆဲဖြစ်ပြီး ကိုမင်းဘုန်းစစ် ဆေးကုသစရိတ် ဘတ် ၄ သိန်းကိုလည်း ခွဲစိတ်ချိန်ကစ၍ ယနေ့ မတ်လ ၁၂ ရက်နေ့အထိ ကားသမားက တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း ညီဖြစ်သူက ပြောသည်။

“ဒီငွေတွေအားလုံးကို အခုထိ ကျွန်တော်တို့ပဲ ပေးဆောင်ထားပါတယ်” ဟု ညီဖြစ်သူက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သည်ဆိုသော ကားသမားကို ဆက်သွယ်မေးမြန်းရန် Dawei Watch က ကြိုးစားနေသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးခဲ့မှုကိုလည်း Assumption University ၏ တာဝန်ရှိသူများဘက်က တာဝန်ယူဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ ကားသမားဘက်က နာရေးစရိတ်ပေးသော ဘတ် ၂၀၀၀၀ ကိုလည်း တာဝန်ရှိသူများက ကာယကံရှင်မိသားစုဝင်များထံ အတင်းပေးခဲ့ကြောင်း ယင်းနာရေးစရိတ်ကို မိသားစုက လက်မခံခဲ့ကြောင်း ၎င်းကပြောသည်။

ယင်းအပြင် တက္ကသိုလ်အတွင်းရှိ CCTV များမှာလည်း ပျက်နေသဖြင့် ယင်းဖြစ်စဉ်ကို မှတ်တမ်း ရယူထားနိုင်ခြင်းမရှိသလို၊ ကား Black Box လည်းမရှိဟု သိရသည်။

အဆိုပါကျောင်းနှင့်ပတ်သက်သည့် ပြောဆိုချက်များအပေါ် Assumption University ထံ email ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အမှုကိစ္စအတွက် လိုက်လံကူညီဆောင်ရွက်ပေးနေသော မြန်မာဆရာမအချို့လည်း ဆက်လက်မကူညီရန် ဖိအားပေးမှုများ ကြုံနေရပြီး ရဲစခန်းတွင် အမှုကို တရားရုံးတင်ရန် အချက်အလက်ပေးချိန် ညီဖြစ်သူကိုလည်း ဖုန်းဆက်နှောက်ယှက်မှုများ ကြုံခဲ့ရကြောင်း ညီဖြစ်သူက ပြောသည်။

လက်ရှိအချိန်အထိ ကိုမင်းဘုန်းစစ် သေဆုံးမှုအတွက် ကားသမားလည်း လွတ်မြောက်နေဆဲဖြစ်သဖြင့် အမှုမှန်ပေါ်ပေါက်ရေးနှင့် တာဝန်ပျက်ကွက်သူများအားလုံးကို အရေးယူနိုင်ရေး တရားရုံးကို လျှောက်ထားဆဲဖြစ်သလို အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းကဆိုသည်။

Dawei Watch အနေဖြင့် ယင်းယာဉ်တိုက်မှုဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းနှင့် တရားရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ထိုင်းသတင်းဌာနတစ်ခုဖြစ်သော The Thaiger သတင်းဌာနက ယင်းဖြစ်စဉ်ကို ယနေ့မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း တွေ့ရသည်။

ယင်းသတင်းတွင် ကားတိုက်မှုဖြစ်ဖြစ်ချင်း မြန်မာကျောင်းသားကို ဆေးကုသခွင့် ချက်ချင်းမပေးခဲ့ဘဲ ဥပေက္ခာပြုခံရမှုနှင့်အတူ တက္ကသိုလ်ဘက်က လျစ်လျူရှုခံရမှုများပါ ကြုံတွေ့ခဲ့ရသဖြင့် တရားမျှတမှုရရှိရန် မိသားစုဝင်များက တောင်းဆိုထားကြောင်း၊ ကားသည် ပြန်မကွေ့ရ သတ်မှတ်ထားသော လမ်းတွင် ရုတ်တရက် U-turn ပြန်ကွေ့ခဲ့သဖြင့် ဆိုင်ကယ်က အရှိန်မထိန်းနိုင်တော့ပဲ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။