BREAKING
November 21, 2024

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

March 13, 2023

Princes in The Darkness 1990s

အခန်း(၂၁)

ကျောက်စိမ်းကိုနေဝင်း အိမ် က မန္တ‌လေးမှာ။

စင်္ကာပူက ရောက်ရောက်ချင်း နားချိန်ပင်မရပဲ…ဗေဒါ မန္တလေးသို့ ကားဆက်မောင်းခဲ့ရသည်။

ဂျာနူးအား မေယုကြေးမုံနှင့်ကိစ္စကိုလည်း သူသေချာ မရှင်းပြလိုက်ရ။

ဧရာဆိုသည့် သတ္တဝါ မေယုကြေးမုံအား..။

“တောက်”

ဗေဒါ ကားမောင်းနေရင်းမှ ဒေါသ ကထွက်လာသည်။

သို့‌သော် စိတ်ကို လျော့ချပြီး ကားကိုသာ ဂရုတစိုက်မောင်းခဲ့လိုက်တော့၏။

မိုးချုပ်မှောင်မဲကြီးတွင်မှ မန္တလေးသို့ ရောက်သွားသည်။

ကိုနေဝင်းအိမ်တွင် ကိုနေဝင်းက ညစာပြင်ဆင်ပြီး အသင့်စောင့်နေ၏။ ဗေဒါလာမည်ကိစ္စ မစ္စတာလုက ကြိုတင်ချိတ်ဆက်ပြီးပြီထင်။

ကိုနေဝင်းက ဝီစကီအကောင်းစားဖြင့် တည့်ခင်းသော်လည်း ဗေဒါမှာ နှစ်ပက်ခန့်သာ‌သောက်ပြီး ထမင်းစားကာ. သူ့အတွက် ပြင်ဆင်ပေးထား‌‌သောအခန်းတွင် ဝင်အိပ်လိုက်တော့၏။

စိတ်ပန်း၊လူပန်းဖြစ်လာသည်မဟုတ်လား။

မနက်မိုးလင်းတော့ ကိုနေဝင်းက သတင်းစာတစ်စောင်ကိုဖတ်ရင်း ဧည့်ခန်းတွင် သူ့အား စောင့်နေ၏။

“ကဲ..ဗေဒါ..မင်းကို ဈေးချိုထဲက အမဲကြောမုန့်တီ လိုက်ကျွေးမယ်”

ဗေဒါနှင့် ကိုနေဝင်းတို့ ဈေးချိုတွင် မနက်စာ စားနေစဉ် ကိုနေဝင်းထံ ဖုန်းတလုံးဝင်လာသည်။

“ငါတို့ တွေ့ရမယ့်သူကတော့…အိမ်မှာရောက်နေပြီ..ဗေဒါ..ပြန်ကြစို့”

ထိုအချိန်အထိ ဗေဒါ မည်သူနှင့်တွေ့ရမည်။ ဘာလုပ်ရမည်ကို မသိသေး။ မစ္စတာလုအမိန့်အရ ကိုနေဝင်းနှင့် တွေ့၊ ကိုနေဝင်းအိမ်သွားဆို၍သာ သွားနေရခြင်း။

ကိုနေဝင်းအိမ်ကို‌ရောက်သည့်အခါ သူတို့တွေ့ရမည့်သူက ကိုအောင်မြင့် ဖြစ်နေသည်။

ကိုအောင်မြင့်သည် မြန်မာပြည်တွင် အင်အားအကြီးဆုံး ငြိမ်ချမ်းရေးလက်နက်ကိုင် အထူးဒေသအဖွဲ့တစ်ခု၏ စီးပွားရေးတာဝန်ခံ။

တချိန်က အဖြူကိစ္စများတွင် ဗေဒါ၊ ကိုနေဝင်း၊ ကိုအောင်မြင့်တို့ အလုပ်အတူလုပ်ခဲ့ဖူးသည်။

ကိုအောင်မြင့်နှင့် ကိုနေဝင်းက နေ့လည်ပိုင်းလောက်တွင် မြစ်ကြီးနားသို့ ခရီးထွက်ရမည်ဟု ဆို၏။မြစ်ကြီးနားမှ တဆင့်ဖားကန့်ကိုသွားမည်။ မည်သည့်ကိစ္စဆိုသည်ကို တခွန်းမှမပြော။

ဗေဒါ သိပြီးသားဟု သူတို့က ထင်နေ၍လား။ ဒါမှမဟုတ် မစ္စတာလုက မပြောခိုင်း၍လား။

ဗေဒါကတော့ သူတို့လောကထုံးစံအတိုင်း မပြောသည့်ကိစ္စကို အထူးတလည်မေးမနေတော့။

သူ ပါဝင်လုပ်ကိုင်ရမည့် အဆင့်ရောက်လာလျှင် မစ္စတာလုက ညွှန်ကြားမည်ပဲ။

ကိုအောင်မြင့်နှင့် ကိုနေဝင်းက ဂေါက်ကွင်းကိစ္စမျာ ဆက်ပြောနေကြသဖြင့် ဗေဒါလည်း သူတို့ကို ခွင့်တောင်းပြီး သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။

ဗေဒါက အခန်းထဲတွင် လှဲလျောင်းရင်း..ဂျာနူး ဆီ ဖုန်းခေါ်ကြည့်လိုက်၏။

“ဟဲလို..အကို”

“ဂျာနူး..ဟိုနေ့က ကျွန်တော့်ကို ဘာလို့ မနှုတ်ဆက်သွားရတာလဲ”

“ဘာမှမဟုတ်ပါဘူး..အကိုနဲ့ စင်္ကာပူမှာ ပျော်ရွှင်ခဲ့ပြီးမှ…ပြန်လာရတော့..ဝမ်းနည်းလို့ပါ”

“ဪ..ဂျာနူးရယ်…အကိုလည်း အတူတူပါပဲ..ပြီးတော့…ဟိုကောင်မလေး”

“မေယုကြေးမုံကိစ္စလား..အဲ့ဒီအတွက်မပူပါနဲ့.အကို..ဂျာနူး စိတ်ထဲ ဘာမှမရှိပါဘူး..တကယ်လို အကိုက သူ့ကို ကြိုက်တယ်ဆိုရင်တောင်မှ..ဂျာနူးဘက်က…”

ဂျာနူးက စကားမဆက်ပဲ ရပ်ထား၏။

“ထားလိုက်ပါတော့…ဂျာနူးရာ”

“အကို..လေဆိပ်က ဆင်းဆင်းချင်း..ဂျာနူး..မစ္စတာလုဆီ သွားရတယ်….အကို့ ဒီခရီးစဉ်မှာ အစစအရာရာ ဂရုစိုက်ပါ…ဂျာနူး စိုးရိမ်တယ်”

ဂျာနူးက ဖုန်းချသွား၏။

ဂျာနူး၏ စကားက တမျိုးဖြစ်နေကြောင်း ဗေဒါ စဉ်းစားမိလိုက်သည်။

ထိုအချိန်မှာတွင်ပဲ နောက်ထပ် ဖုန်းတစ်လုံးဝင်လာ၏။

စစ်ထောက်လှမ်းရေးသံချောင်းဆီမှ။

“ဗေဒါ..မင်း စလုံးက ပြန်လာပြီဆို…အခု ဘယ်တွေရောက်နေလဲ”

“ကျွန်တော် မန္တလေးမှာ…ဘာကိစ္စရှိလို့လဲ”

“ဪ..ငါလည်း မန္တလေးမှာပဲဟ..ဟဲ..ဟဲ”

ဗေဒါ့ စိတ်ထဲ ပိုမိုလေးလံသွားရသည်။ ဒါတိုက်ဆိုင်မှုမဟုတ်။

သံချောင်းက သူမန္တလေးမှာ ရှိနေသည်ကို ကြိုသိနေသည့်သဘော။ နောက်ပြီး သူက‌ရော ဘာကိစ္စ မန္တလေးရောက်နေသည်လဲ။

သူ့ကို နောက်ယောင်ခံလိုက်နေသည်လား။

“အင်း..ဘာကိစ္စရှိလို့လဲ..ကိုသံချောင်း”

“ငါ မင်းနဲ့ တွေ့ချင်တယ်….စကားပြောစရာတွေလည်းရှိနေတယ်..ဗေဒါ”

အကြောင်းတစ်ခုခုတော့ရှိနေပြီမှန်း ဗေဒါ သိလိုက်သည်။ နောက်ပြီး သူ့ကို ထောက်လှမ်းရေ နောက်ယောင်လိုက်နေသည်ကို ဘုမသိဘမသိခံနေရသည်ထက် သွားတွေ့လိုက်သည်က ဘာမှန်းရေရေရာရာသိရမည်မဟုတ်လား။

သံချောင်းက ကိုနေဝင်းအိမ်လမ်းထိပ်မှ ဆိုင်တဆိုင်တွင် သီးသန့်ခန်းယူကာ သူစောင့်နေမည်ဟုဆိုသည်။

ဗေဒါလည်း ကိုနေဝင်းတို့အား ခရီးအတွက်လိုအပ်သည်များဝယ်မည်ဟု အကြောင်းပြကာ ထွက်လာခဲ့လိုက်၏။

သံ‌ချောင်းချိန်းထားသည့် ဆိုင်က အတော်လေးကို တိတ်ဆိတ်ပြီး လူရှင်းသည့်ဆိုင်။

သူရောက်သည်နှင့် ဘာမှမမေးမမြန်းရပဲ စားပွဲထိုးလေးက သီးသန့်ခန်းသို့ ခေါ်သွား၏။

ဒါလည်း စစ်ထောက်လှမ်းရေးက ဖွင့်ထားသည့်ဆိုင်တစ်ခုဟု ဗေဒါ သဘောပေါက်လိုက်သည်။

စားသောက်ဆိုင်၏ သီးသန့်ခန်းဆိုသည်ထက် ဧည့်ခန်းတစ်ခုနှင့် ပိုတူနေ၏။

ဗေဒါ အထဲဝင်သွားတော့ သံချောင်းက လိမ္မော်ရည်တစ်ခွက်နှင့် ဘာကာတစ်လုံးကို စားနေသည်။

“လာ..ဗေဒါ..မင်းတို့ ဖားကန့်တက်ကြမယ်..မဟုတ်လား”

ဗေဒါစိတ်ထဲ အံဩသွားသော်လည်း သံချောင်းရှေ့တွင်မို့ ခပ်တည်တည်ပင် ခေါင်းညိတ်ပြလိုက်သည်။

ဘယ်လိုသိတာလဲ၊ ဘာလဲမေးလျှင် ဒီပုဂ္ဂိုလ်များက ပိုပြီး မာန်တက်နေလိမ့်ဉီးမည်မဟုတ်လား။

“မင်းတို့သွားမှာ….ဘိန်းချက်စခန်းတစ်ခုပဲ… မင်းတို့ဘက်က ကျောက်စိမ်းပေးမယ်၊ တဖက် အဖြူသန့်သန့်တွေ ပေးမယ်…ကြားက ပွဲစားက ကိုနေဝင်းပေါ့..ဟုတ်တယ်..ဟုတ်”

ဒီတခါတော့ ဗေဒါ ဟန်မဆောင်နိုင်တော့။

ဘယ့်နှယ့်..သူပင် ကောင်းကောင်းမသိသေးသည့်ကိစ္စ။ ထောက်လှမ်းရေးက အကုန်သိပြီးနေပြီ။

ဒီကောင်တွေပဲတော်လွန်းတာလား…ကိုအောင်မြင့်တို့ ကိုနေဝင်းတို့ထဲတွင် ထောက်လှမ်းရေးအတွင်းလူပဲ ရှိနေသည်လား။ ဒါမှမဟုတ် မစ္စတာလုဆီမှ သတင်းပေါက်ကြားသည်လား။

“ကျွန်တော် အမှန်ကို ဝန်ခံမယ်.ကိုသံချောင်း..ကျွန်တော့်ကို လေဆိပ်ကဆင်းဆင်းချင်းပဲ..ကိုနေဝင်းဆီ သွားဖို့ပြောလို့ ရောက်လာတာ..အခုထိ ဖားကန့်သွားမယ်ဆိုတာပဲသိရသေးတယ်..ခင်ဗျား ပြောတဲ့ကိစ္စတွေ ကျွန်တော် ဘာမှ မသိရသေးဘူး..အဲ့ဒါ..အမှန်ပဲ”

သံချောင်းက ပြုံးလိုက်သည်။

“ဒါပေါ့…ဗေဒါ…မစ္စတာလုက မင်းကို ဘယ်ပေးသိဉီးမှာလဲ….ထားပါ..ဒီခရီးစဉ်မှာ ငါတို့ အနောက်ကနေ တောက်လျှောက်လိုက်နေမှာ…လမ်းမှာ. တခုခုဆို မင်းကို ငါတို့ ကူညီပေးမယ်…မင်းကလည်း ငါတို့ကို ပူးပေါင်းပြီး သတင်းပေးပါ..မဟုတ်ရင်တော့…မင်းကို ငါတို့လည်း မကယ်နိုင်ဘူး”

ဗေဒါမှာ နောက်တကြိမ်တွေဝေသွားရသည်။

ဒီခရီးစဉ်က ဘယ်လို အခက်အခဲတွေရှိနေသည်လဲ။ ခုန ဂျာနူးကလည်း ဂရုစိုက်ဖို့ပြောသွားသည်။ ယခု သံချောင်းကလည်း မင်းကို ငါတို့မကယ်နိုင်ဘူးဟု ဆိုပြန်သည်။

ဗေဒါက သံချောင်းကို ရေရေရာရာအဖြေပေးမနေတော့ပဲ ပြန်ထွက်လာခဲ့လိုက်တော့၏။

ကိုနေဝင်း အိမ်သို့ ပြန်ရောက်သည့်အခါ သူတို့က အဆင့်သင့်ပင် ပြင်နေကြပြီ။

သို့သော် ကားတစီးတည်းဖြင့် သုံးယောက်လုံးသွားမည့် အစီအစဉ်ကတော့ ပြောင်းလဲသွားပြီဖြစ်သည်။

တစ်ယောက် ကားတစ်စီးစီဖြင့် သွားကြပြီး..မြစ်ကြီးနားရောက်မှ ဆုံကြမည်။ မြစ်ကြီးနားတွင် တရက်နားပြီးမှ ဖားကန့်သို့ သုံးယောက်ကားတစီးတည်းဖြင့် တက်ကြမည်။

မစ္စတာလုကလည်း ကိုနေဝင်းပြောသည့်အတိုင်း လုပ်ရန်သာ ညွှန်ကြားထားသဖြင့် ဗေဒါလည်း စောဒကမတက်တော့။

ကိုနေဝင်းနှင့် ကို‌အောင်မြင့်တို့ကို တောင်တက်ခရီးဖြစ်သဖြင့် ကားအောက်ပိုင်းစစ်ဆေးပြီးလျှင်နောက်မှ လိုက်လာမည်ဟု ဗေဒါက ပြောလိုက်သည်။

အခြေအနေတွေကို မသင်္ကာသဖြင့် ဗေဒါက အကြံထုတ်ကာ ထိုသို့ စီစဉ်လိုက်ရခြင်းပင်။

ကိုနေဝင်းတို့ အရင်ရောက်သွားပြီးမှ သူရောက်သွားသည်က ပိုဘေးကင်းသည်မဟုတ်လား။

ဝပ်ရှော့တွင် ကားအောက်ပိုင်းစစ်ဆေးပြီးနောက် ဗေဒါ မြစ်ကြီးနားသို့ ထွက်ခွာလာခဲ့သည်။

ဗေဒါ စိတ်တို့ ရှုပ်ထွေးနေ၏။

ထိုအချိန်တွင် နောက်ထပ် ဖုန်းတစ်လုံး ဝင်လာသည်။ ဒီဖုန်းကိုတော့ ဗေဒါသိသည်။

အရေးကြီးကိစ္စများဆိုလျှင် ဂျာနူးဆက်နေကျ လမ်းဘေးပီစီအိုဖုန်း။

“အကို…အခု ဂျာနူးပြောတာတွေကို အကိုသေချာနားထောင်ပေးပါ”

ဗေဒါက ကားကို လမ်းဘေးထိုးရပ်လိုက်သည်။

“ပြော..ဂျာနူး”

“အကို့ ကို မစ္စတာလုက သံသယဝင်နေပြီ”

“ဟင်..ဘယ်လို”

“ဟုတ်တယ်..အကို…ဒီဘက်မှာ သတင်းပေါက်ကြားမှုတွေ အများကြီးဆက်တိုက်ဖြစ်နေတယ်..မစ္စတာလုက လူတိုင်းကို သံသယဝင်နေပြီ…ပြီးတော့..အကို့ကို လည်း သူ မသင်္ကာဘူးဆိုတာ….ဦးလောရှည်ပြောလို့ ဂျာနူးလည်း သိရတာ”

“ကျွန်တော့်ကို သူက ဘာကိစ္စ သံသယဝင်ရတာလဲ”

“အကိုက သူ့ဆီကို လာတုန်းက… “အမှောင်ထဲက မင်းသားများ” ဆိုတဲ့ အဖွဲ့စကားဝှက်နဲ့လာတာမဟုတ်လား.. ပြီးတော့.. တကယ်က “အမှောင်ထဲကမင်းသားများအဖွဲ့” ဆိုတာ စစ်ထောက်လှမ်းရေးကဖွဲ့ထားခဲ့တာ…. အဲ့ဒီတုန်းက ဂျာနူးတို့နဲ့ စစ်ထောက်လှမ်းရေးဟာ မဟာမိတ်တွေဆိုတော့…စစ်ထောက်လှမ်းရေးက ရီကွန်မန့်ပေးတဲ့လူမို့ မစ္စတာလုက လက်ခံထားတာ…အခုကျတော့…စစ်ထောက်လှမ်းရေးဆီ သတင်းတွေ ဆက်တိုက်ပေါက်နေတယ်..အကိုကလည်း…စစ်ထောက်လှမ်းရေးတွေနဲ့ အဆက်အသွယ်မပြတ်ဘူးဆိုတော့…အကို့ကို…သူ သံသယဝင်နေတာလို့ ဂျာနူးတော့ ယူဆတာပဲ”

ဗေဒါ ဘာမှ ပင် ပြန်မပြောနိုင်တော့။

“အကို့ကို ဂျာနူးနဲ့ စင်္ကာပူလွှတ်လိုက်တာလည်းတခြားမဟုတ်ဘူး….ဒီမှာ အကိုမရှိတုန်း..အကို့နောက်ကြောင်းတွေ အကုန်လိုက်မွှေခိုင်းထားပြီးပြီ”

“ဟ..အဲ့ဒီလိုလား”

“ဟုတ်တယ်အကို..ဒါကြောင့် ပထမအကြိမ် အကိုဖုန်းဆက်တုန်းက ဂျာနူးက ဂရုစိုက်ဖို့ပြေတာ…သူတို့ပေးထားတဲ့ဖုန်းဆိုတော့ သူတို့ခြေရာခံလိုက်နိုင်လို့..အခု ဒီဖုန်းနဲ့မှ သေချာပြောနိုင်တာ”

“အင်း..ကျေးဇူးတင်ပါတယ်..ဂျာနူး”

“အကို..မစ္စတာလုရဲ့ သံသယဆိုတာ…ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးနော်”

ဂျာနူးက ထိုသို့ ပြောပြီး ဖုန်းချသွား၏။

ဗေဒါ၏ စိတ်များ နောက်ကျိလေးလံသွားသည်။

လောမိသားစု၏ သံသယဆိုသည်က သူ့အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည့်ကိစ္စ။

ထိုထက်ပိုဆိုးသည်က စစ်ထောက်လှမ်းရေးက သူ့ကိုပင် တည်ကြက်ထားပြီး နောက်ယောင်ခံနေသည့်အရေး။

ဘာဖြစ်ဖြစ် ရင်ဆိုင်ရှင်းရမှာပဲ ဟု ဆုံးဖြတ်ကာ ဗေဒါက ကားကို ဆက်မောင်းလာခဲ့သည်။

……………………………….

ကောလင်းနားသို့အရောက်တွင် ဗေဒါ၏ ကားနောက်မှ တောက်လျှောက်လိုက်လာသော ကားတစ်စီးကို သတိထားမိလိုက်၏။

ဗေဒါကို ကားကို အရှိန်လျော့လျှင် ထိုကားက လိုက်လျော့၏။ ဗေဒါက တင်မောင်းလျှင် ထိုကားက လိုက်တင်၏။

မိတ်ဆွေထက် ရန်သူသာ ဖြစ်နိုင်ချေရှိသည်ဟု ဗေဒါ တွက်လိုက်သည်။ သံချောင်းတို့ အုပ်စုဆိုလျှင် ကိစ္စ မရှိ။

တခြားလူဆိုလျှင်တော့ ဗေဒါ့ အသက်အန္တရာယ်ကို စိုးရိမ်ရပြီ။

ကောလင်းမြို့ထဲအရောက် ကားကို ခေတ္တရပ်ထားပြီး မစ္စတာလုဆီ ဖုန်းခေါ်ကြည့်သည် မကိုင်။ ဂျာနူး ဆီဆက်ကြည့်၏။ မကိုင်ပြန်။

ကိုနေဝင်းနှင့် ကိုအောင်မြင့် တို့ကတော့ လုံးဝစက်ပိတ်ထား၏။

နောက်ဆုံးပိတ် လောရှည်ဆီ ဆက်ပြန်တော့လည်း မကိုင်။

ဗေဒါ့ကို အားလုံးက အဆက်အသွယ်ဖြတ်သည့်သဘော။

ထို့ကြောင့်.. သံချောင်း၏ ဖုန်းကို ခေါ်ကြည့်သည်။

သံချောင်းက ချက်ချင်းပင် ဖုန်းကိုင်၏။

“ကျုပ်ကားနောက်က လိုက်နေတာ..ခင်ဗျားတို့လား”

“ငါတို့က မင်းသွားမယ့်လမ်းကြောင်းသိနေတာပဲ..မင်းကားနောက်က လိုက်စရာမလိုပါဘူးဟ..ဘာဖြစ်လို့လဲ”

“ကျုပ် အခုကောလင်း ရောက်နေပြီ…လမ်းမှာ ကားတစ်စီးနောက်က တောက်လျှောက်လိုက်လာနေလို့”

“ငါတို့လည်း မကြာခင် ကောလင်းရောက်တော့မယ်..မင်းအတွက် အန္တရာယ်ရှိပြီထင်တယ်”

ဗေဒါ ဘာမှ မပြောတော့ပဲ..ဖုန်းကိုချပစ်လိုက်သည်။

ကောလင်းအထွက် ဝန်းသို နဘား စသည့်မြို့များသည် လူခြေပျက်သည်။ ညပိုင်းတွင် သူ့ကို နောက်မှလိုက်လာပြီး အစဖျောက်လိုက်လို့ရသည်။

ထို့ကြောင့် ကောလင်းမြို့ရှိ ထမင်းဆိုင်နှင့်တွဲလျက် ဟိုတယ်တစ်ခုတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်၏။

ကောလင်းမြို့ကား ရွှေ၊ကျောက်၊သစ် လိုင်းစုံရာမြို့ဖြစ်သဖြင့် လူစည်ကားသည်။ ညလုံးပေါက် လူပြတ်သည်မရှိ။

ဘာပဲဖြစ်ဖြစ် ဒီနေရာတွင်တော့ သူတို့ ဗေဒါကို ဘာမှ လုပ်ရဲမည်မဟုတ်။

သူတို့ဟုသာ ဆိုရသည့် မည်သူတွေမှန်းလည်း ဗေဒါမခန့်မှန်းတတ်။

ကောလင်းမြို့ထဲရှိ ကြေးအိုးဆိုင်တစ်ခုတွင် ညစာစားရန် ဗေဒါက ဝင်ထိုင်လိုက်သည်။

ဗေဒါ ကြေးအိုးစားနေစဉ် ဖုန်းဝင်လာ၏။သံချောင်းထံမှ။

ဗေဒါက ဆိုင်နာမည်ပြောပြလိုက်သည်။

မကြာမီ သံချောင်းနှင့် လူလေးယောက်ဆိုင်ထဲသို့ ဝင်လာကြသည်။

“ဗေဒါရေ…မင်းတို့ရွှေ့တဲ့အကွက်က လှတယ်ကွာ….မင်းကို အပြထားပြီး…ဟိုလူတွေက တခြားတစ်နေရာမှာ အလုပ်သွားလုပ်နေကြပြီ”

“ဘာလဲ.ကိုသံချောင်း..ကျုပ်မှာ ဘာအကွက်မှ မရှိဘူး…သူတို့က တစ်ယောက်ကားတစ်စီးစီနဲ့သွားမယ်ဆိုလို့ ကျုပ်လည်းသွားရတာပဲ..ဒီမှာ အဲ့ဒီလူတွေနဲ့ ကျုပ်အဆက်အသွယ်ရှိမရှိ..ဖုန်းခေါ်ပြမယ်”

ဗေဒါက ကိုအောင်မြင့်နှင့် ကိုနေဝင်းဖုန်းများကို ခေါ်ပြသည်။ အားလုံးစက်ပိတ်ထားကြ၏။

သံချောင်းပင် အခြေအနေကို မှန်းဆရခက်သွားသည်ပုံ။

“အင်း..မင်းကို ငါတို့လူမှန်း..သူတို့ ရိပ်မိသွားကြပုံပဲ”

သံချောင်းစကားကြောင့် ဗေဒါ တင်းခနဲဖြစ်သွားသည်။

“ခင်ဗျား..ဘာပြောလိုက်တယ်.ကိုသံချောင်း..ဘာပြောလိုက်တယ်”

“ဪ..မင်းကို ငါတို့လူဆိုတာ သူတို့ရိပ်မိသွားလို့ အကွက်ရွှေ့တာထင်တယ်လို့”

ဗေဒါက စားပွဲခုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။

တဆိုင်လုံးမှ လူများက အလန့်တကြားဖြင့် သူတို့ဝိုင်းကို ကြည့်လိုက်ကြ၏။

“ဘာကိစ္စ..ကျုပ်က ခင်ဗျားတို့ လူဖြစ်သွားရတာလဲ….ခင်ဗျားတို့ကို ကျုပ် ဘယ်နှစ်ခါ သတင်းပေးဖူးလို့လဲ..ခင်ဗျားတို့ပဲ ပြောချင်ရာပြော..လုပ်ချင်ရာလုပ်သွားကြတာမဟုတ်လား…. အခုလည်း ကျုပ်သိတာထက် တောင် ခင်ဗျားတို့က ပိုသိနေတဲ့ကိစ္စ…ဘာလို့ ကျုပ်ကို တည်ကြက်လုပ်ပြီး လိုက်နေရတာလဲ…ခင်ဗျားတို့ အကုန်သိနေတာပဲ..အဲ့ဒီလူတွေကို သွားဖမ်းလေ..သူတို့ကို မဖမ်းရဲဘူးလား… ကျုပ်ကိုပဲ လုပ်ရဲတာလား..ဒါဆိုလည်း ကျုပ်ကို ဖမ်း..အခုဖမ်းလေ… ကျုပ်နောက်ကို တကောက်ကောက်လိုက်ပြီး စစ်လားမေးလားလုပ်နေရအောင်လည်း..ကျုပ်က ဘာမှသိတာမဟုတ်ဘူး…ကဲ..ဖမ်း..အခုဖမ်းကြလေ”

သံချောင်းတို့အုပ်စု ငြိမ်သွားကြ၏။

“ကဲ..မဖမ်းဘူးဆိုလည်း….ကျုပ်..အခု ရန်ကုန်ပြန်မယ်”

ဗေဒါက ထလိုက်သည်။

သံချောင်းက ဗေဒါ၏ လက်ကို လှမ်းဆွဲလိုက်၏။

“ဘာပဲဖြစ်ဖြစ်..မင်း ရန်ကုန်မပြန်ရဘူး…ဗန်းမော်အထိ ဆက်တက်ရမယ်…. ငါတို့ ပြောတာ နားမထောင်လို့ကတော့..ဖြစ်လာတဲ့ အကျိုးဆက်ကို ငါတို့ တာဝန်မယူဘူး..ဗေဒါ..မင်းနောက်ကိုငါတို့အပြင် လိုက်နေတဲ့သူတွေရှိတယ်ဆိုတာ..မင်းလည်းသိပြီးသားပဲ”

ဗေဒါက ဒေါသကို မနည်းလျော့ချနေရသည်။

“ကဲ..ဒီည မင်းလုံခြုံရေးအတွက် ငါတို့နယ်မြေရုံးမှာ လိုက်အိပ်လိုက်ပါ”

ထိုအချိန်တွင် သူ့နောက်မှ လိုက်နေသော ကားက ဆိုင်‌ရှေ့မှ ဖြတ်သွားသည်ကို ဗေဒါ သတိထားမိလိုက်၏။

သူ့လုံခြုံရေးအခြေအနေအရ သံချောင်းတို့နှင့် အတူတူရှိနေသည်က အကောင်းဆုံးဟု ဗေဒါ ဆုံးဖြတ်လိုက်သည်။

“ကဲ..ဗေဒါ…မင်းနောက်လိုက်နေတဲ့ကောင်တွေကို ငါတို့ လမ်းကြောင်းလွှဲမှရမယ်…ငါ့လူတစ်ယောက်က မင်းကားကို မောင်းပြီး မင်းတည်းတဲ့ ဟိုတယ်မှာ သွားထိုးပြီး ပြန်ထွက်လာခဲ့လိမ့်မယ်..မင်းက ငါ့ကားနဲ့ လိုက်ခဲ့..ဟုတ်ပြီလား”

သံ‌ချောင်းအစီအစဉ်ကို ဗေဒါက သဘောတူလိုက်၏။

ကားသော့ကို သံချောင်းလူအား ပေးလိုက်ပြီး ဗေဒါကမူ သံချောင်းကားပေါ်တက်လိုက်သည်။

သံချောင်း၏ ကားသည် ဘိုတဲကုန်းဘက်၊ သစ်ကွင်းအလွန်ရှိ စစ်ထောက်လှမ်းရေးတပ်ဆွယ်ရုံးဆီသို့ ဉီးတည်သွားလိုက်သည်။

ထောက်လှမ်းရေးတပ်ဆွယ်ဆိုင်းဘုတ်ကို အကျော်…မောင်းတံဂိတ်နားအရောက်။

“ဝုန်း”

ဗေဒါတို့၏ ကား ထိုးရပ်သွား၏။

ယမ်းစများက ကားမှန်ကို စင်သဖြင့် ကားမှန်မှာ ခွမ်းခနဲ ကွဲထွက်သွားသည်။

“လက်နက်ကြီးဟ”

သံချောင်းက ပြောပြောဆိုဆိုဖြင့် ကားတံခါးကို ဖွင့်ကာ လှိမ့်ထွက်သွားသည်။

ကားသမားမှာ ယမ်းစမှန်သွားသဖြင့် ဆက်မောင်းနိုင်ဟန်မပေါ်တော့။

ဗေဒါလည်း သံချောင်းနောက်မှ လိုက်ရပြီ။

ကားရပ်သည့်နေရာဘေးနားမှ ခြုံပုတ်ထူသော မြောင်းထဲသို့ ဗေဒါ လှိမ့်ချလိုက်၏။ ခါးတွင် အသင့်ထိုးထားသော ပစ္စတိုကို ထုတ်ကာ ဝပ်နေလိုက်သည်။

ခဏအကြာ ဆိုင်ကယ်လေးစီးရောက်လာပြီး သူတို့ကားကို မောင်းပြန်သေနတ်ဖြင် အတွဲလိုက်ပစ်တော့၏။

ဗေဒါက ပြန်ပစ်ရန် သေနတ်ထုတ်လိုက်သော်လည်း အနီးအနားမှ သံချောင်းက လက်ဟန်ခြေဟန်ဖြင် ဝပ်နေရန်သာ ပြသည်။

ဗေဒါလည်း ပစ်လိုက်မှ နေရာသိသွားမည်ဆိုးသဖြင့် ဝပ်၍သာနေလိုက်သည်။

ထိုလူစုက ကားကို စိတ်ကြိုက်ပစ်ခတ်ပြီးမှ ပြန်ထွက်သွား၏။

သံချောင်းကတော့ ဆက်သွယ်ရေးစက်ကို ထုတ်ကာ အလုပ်ရှုပ်နေတော့၏။

ဗေဒါက ကားပေါ်သို့ ကြည့်လိုက်သောအခါ ယာဉ်မောင်းနှင့် ဘေးနားမှ သံချောင်းတပည့် ထောက်လှမ်း‌ရေးရဲဘော်လေးမှာ မြင်မကောင်းရှုမကောင်းအောင် အသက်ပျောက်နေကြပြီ။

ရုံးကလည်း ယခုမှ အသစ်စဆောက်ခါစထင်သည်။ ဘက်ဟိုးစက်ကြီးများ ၊ သစ်လုံးများကြားမှ ဘန်ဂလိုသာသာလေး။

အမှောင်ရိပ်ထဲတွင် စစ်ထောက်လှမ်းရေးတပ်ဆွယ်ရုံးတစ်ခုလုံး ငြိမ်သက်နေသည်။

“ကိုသံချောင်း…ခင်ဗျားတို့ ရဲဘော်တွေ အထဲမှာ မရှိဘူးလား”

“ရှိတော့ ရှိလောက်တယ်”

“ဘာလို့ ပြန်မပစ်ကြတာလဲဗျ”

“ငါတို့ကို ခုန လက်နက်ကြီးနဲ့ ထုတာကွ…ဒီရုံးက အနီးဆုံးခြေလျင်တပ်နဲ့တောင် (၂၇)မိုင်ဝေးတယ်…ပြန်ခံချရင်..ငါတို့ သေသွားမှာပေါ့”

သံချောင်းလည်း မြောင်းထဲက မတက်သေး။ ဗေဒါလည်း မတက်ရဲ။

ရုံးထဲကလည်း မည်သူမျှ ထွက်မလာရဲ။

နာရီဝက်ခန့်အကြာမှ ရုံးထဲမှ မဲမဲအရိပ်လေးများ သူတို့ထံ ဉီးတည်လာနေသည်ကို ဗေဒါ မြင်ရသည်။

ထိုအခါမှ သံချောင်းရော၊ ဗေဒါပါ မတ်တပ်ရပ်လိုက်ကြ၏။

ရုံးထဲမှ လူများလည်း ကြောက်လန့်ပြီး ဝပ်နေကြခြင်းတဲ့။

ကားကတော့ ရစရာတစက်မှ မရှိတော့။

မကြာမီ ခြေလျင်တပ်မှ ကားနှစ်စီရောက်လာပြီး ဆိုင်ကယ်များသွားသည်ဆိုသောဘက်သို့လိုက်သွားကြ၏။

ထို့နောက် စစ်ဒေသမှ အရာရှိများရောက်လာပြီး သံချောင်းနှင့် စကားပြောကြသည်။

ဗေဒါကိုလည်း အနည်းငယ်မေးမြန်း၏။

စစ်ဒေသမှ ဗိုလ်မှူးကြီးက ဗေဒါကို ပြန်ခွင့်ပြုလိုက်သည်။ သူတို့တပ်မှ ကားနှင့်ပင် ဟိုတယ်သို့ ပြန်လိုက်ပို့ပေး၏။

သံချောင်းကတော့..အထက်အဆင့်ဆင့်ဆီ အစီရင်ခံနေရသည်နှင့်ပင် မအား။

ဒါတောင် ဗေဒါအား သူတို့နှင့် အဆက်အသွယ်မပြတ်စေနဲ့ဟု အော်ပြောလိုက်သေး၏။

ဗေဒါက ဟိုတယ်တွင် တညအိပ်ပြီး..မနက် မန္တလေးသို့ ပြန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။

ည ၁ နာရီခန့်တွင် ဖုန်းဝင်လာ၏။

ကိုနေဝင်းဆီမှဖုန်း။

“ဗေဒါ..မင်းအဆင်ပြေရဲ့လား”

ဗေဒါက သူ့အဖြစ်အပျက်အစုံကို ပြောပြလိုက်၏။

“အေး..ဒီလိုဆို မင်းအတွက် အန္တရာယ်ရှိနေပြီ…ငါတို့ကိုလည်း ရုတ်တရတ် မင်းနဲ့ လမ်းခွဲပြီး တစ်နေရာမှာပဲ အလုပ်လုပ်ကြဖို့ မစ္စတာလုကရော၊ ကိုအောင်မြင့်တို့ ဘက်ကပါ ညွှန်ကြားလာလို့ကွာ..မင်းကို ငါစိတ်ပူနေတာ”

“ဟုတ်ကဲ့..ကျွန်တော်နားလည်ပါတယ်..အခု ကံကောင်းလို့မသေတာ”

“အေး..မင်း မန္တလေးပြန်ရင် တခြားလျှောက်သွားမနေနဲ့တော့…ငါ့အိမ်ကိုပဲ တန်းပြန်..ငါဖုန်းဆက်ထားမယ်..ဒီရက်ပိုင်း ဘယ်မှ မထွက်နဲ့..ငါပြန်အလာကိုစောင့်”

“ဟုတ်ကဲ့”

ကိုနေဝင်း ဖုန်းချသွားတော့ ဗေဒါ တစ်ယောက်တည်း ငေါင်ကျန်ရစ်သည်။

ခုန ဖြစ်ခဲ့သည့် အဖြစ်အပျက်က သူတို့အားလုံးကို အသေသတ်သည့် ကိစ္စ။

လက်နက်ကြီးနှင့်ပါ ပစ်သည်ဆိုကတည်းက….သတိပေးရုံလောက်မဟုတ်။ တခါတည်း အစပါပျောက်သွားစေချင်သည့်သဘော။

မန္တလေးမှာ သံချောင်းနှင့် ဗေဒါတွေ့သည်က မစ္စတာလု၏ သံသယကို ပိုခိုင်မာသွားစေသဖြင့် သူ့အား အပြတ်ရှင်းခိုင်းခြင်းလား။

ဒါမှမဟုတ်..စီးပွားရေးသမားများအပေါ် အနိုင်ကျင့်အမြတ်ထုတ်ထားသော သံချောင်းကို ဒေသခံ လက်နက်ကိုင်အဖွဲ့များက လုပ်ကြံခြင်းလား။

ဆွမ်းခံရင်း ငှက်သင့်ခြင်းလား။

ကားပေါ်တွင် သွေးသံရဲရဲဖြင့် သေဆုံးနေသော ‌ထောက်လှမ်းရေးနှစ်ယောက်အလောင်းကိုလည်း မျက်လုံးထဲမှ မထွက်။

အခြေအနေက ထိုအလောင်းနှစ်လောင်းသည် သူနှင့်သံချောင်း ဖြစ်သွားနိုင်သည့်အနေအထားမဟုတ်လား။

ဗေဒါ တညလုံး အိပ်၍မပျော်။

အမှောင်ထုသည် တဖြည်းဖြည်း နက်နက်၍သာ။

ခက်ဇော်

အခန်း ၂၂ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>