မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုများ စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
မုဒုံ၊ ကျိုက်မရော၊ ပေါင်မြို့နယ်အတွင်းရှိ ရက်ကွက် ကျေးရွာအချို့တို့တွင် မတ်လဆန်းပိုင်းခန့်မှ စတင်ကာ သောက်ရေ ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရာသီဥတုပူပြင်းလာသည့်အတွက် တွင်းရေများ ခမ်းခြောက်လာကြောင်း မုဒုံမြို့နယ် ယောင်းဒေါင်းကျေးရွာမှ ဒေသခံတစ်ဦးက ယင်းနေရာတွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။
“ရာသီဥတု ပူလာတော့ ရေတွင်းက ရေတွေ နည်းလာတယ်။ ရေနည်းလာတော့ သောက်သုံးဖို့အတွက်က လုံးဝ အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရေအခက်အခဲရှိသည့် ရပ်ကွက် ကျေးရွာတို့တွင် အများစုက သောက်ရေကို ဝယ်သုံးနေရပြီး အလှူရှင်များ လာရောက်လှူဒါန်းပေးနေသည်လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရေဝယ်သုံးနေရသည့် ရပ်ကွက် ကျေးရွာတို့တွင် ရေအနည်းဆုံး ငါးပီပါပါ မော်တော်ယာဉ်ဖြင့် တစ်ခေါက်သယ်လျှင် ကျပ် ၅၀၀၀ နှင့် ၁၀၀၀၀ အကြား ပေးနေရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။
“ဒီမှာလဲ ရေအခက်အခဲ စဖြစ်နေပြီ။ ပရဟိတအဖွဲ့တွေကနေ လာလှူပေးနေတာရှိတယ်။ ဒါပေမယ့် မလောက်ဘူးလေ။ တချို့ကလည်း ဝယ်သုံးကြတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အများစုတို့တွင် နှစ်စဉ် ရေပြတ်လပ်မှုဒဏ်ခံရလေ့ရှိပြီး အထူးသဖြင့် ရေတွင်းရေကန်များ တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများနှင့် ကွင်းရွာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့ရလေ့ရှိသည်။
သောက်သုံးရေပြတ်လပ်လေ့ရှိသည့် နွေရာသီတွင် ရေအခက်အခဲကို မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းတို့က ကူညီဖြေရှင်းပေးလေ့ရှိသည်။