ဦးဝင်းလှိုင်၏ နောက်ဆုံး စကားဖြစ်သည်။ ထိုသို့ပြောပြီးနောက် ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။
အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းလှိုင်မှာ ထားဝယ်မြို့တောင်ဘက် ကြက်စားပြင်ရပ်ကွက်ရှိ သရက်ချောင်းကားဂိတ်ရှိရာ လမ်းဆုံတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။
ရပ်ရေးရွာရေးအတွက် စိတ်ပါလက်ပါ ကူညီဆောင်ရွက်တတ်သူတစ်ဦးဖြစ်သည့် ဦးဝင်းလှိုင်မှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်ကြီးတစ်ဦးလည်းဖြစ်သည်။
မတ်လ ၁၁ ရက်ညပိုင်းက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား အသံဗုံးများ၊ ရော်ဘာကျည်များအပြင် ကျည်စစ်ကျည်မှန်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်၍ ရပ်ကွက်ထိပ် သံတံတားကြီးအနီး ကာရံထားသော အရံအတားများကို လက်နက်ကိုင်တပ်ဖွဲ့များက လာရောက်ဖယ်ရှားခြင်း ဖြစ်သည်။
ယင်းသို့ လာရောက် မဖယ်ရှားမီ နှစ်နာရီ အလိုက အရေးတော်ပုံကာလအတွင်း ကျဆုံးသွားသူများအတွက် ဆီမီးထွန်းဆုတောင်းပွဲ ကြက်စားပြင် ရပ်ကွက်တွင် ပြုလုပ်ခဲ့သေးသည်။
စတင်ပစ်ခတ်ချိန်တွင် ဦးဝင်းလှိုင်မှာ နေအိမ်တွင် အိပ်နေပြီဖြစ်ပြီး သေနတ်အသံကြားချိန်တွင် သံတံတားကြီး အနီးရှိ ရပ်ကွက်အတွင်း မဝင်နိုင်ရန် ကာဆီးထားသော အရံအတားများ အနီး ထွက်ခွာသွားခဲ့သည်။ ထိုနေရာသည် သူ့အတွက် ကျည်မှန်သည့် နေရာလည်း ဖြစ်သွားခဲ့သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့က သံတံတားကြီးအနီးရှိ ရပ်ကွက်နေသူများလုပ်ထားသည့် အတားအဆီးများကို လာရောက်ရှင်းလင်း သည်ဟု ဆိုသည်။
ထိုသို့လာရှင်းချိန်တွင် ရပ်ကွက်နေသူအချို့က လေးခွဖြင့်ခုခံခဲ့ကြသည်။
ထိုသို့ခုခံသည့်အထဲတွင် ဦးဝင်းလှိုင်လည်းပါဝင်ပြီး သူရပ်နေသည့်နေရာမှာ မီးလင်းနေသည့် လမ်းမီးတိုင်အောက်တွင် ဖြစ်နေကြောင်း အသက် ၄၀ ကျော်အရွယ်ရှိ ၎င်း၏မိတ်ဆွေအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ခုခံနေရင်း သေနတ်ဖြင့် အဆက်မပြတ် ပစ်နေသည့်အတွက် ၎င်းနောက်ဖက်မှ မိတ်ဆွေများက ဆုတ်သွားခဲ့ပြီး ၎င်းတစ်ဦးတည်းသာ ကျန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ခုခံနေရင်း ပစ်လိုက်သည့်ကျည်တစ်တောင့်က ဦးဝင်းလှိုင်၏ ဘယ်ဘက်လက်မောင်းကို ဖောက်ထွက်ပြီး နှလုံးရှိရာ ရင်ဘတ်ကိုပါ ဖောက်ဝင်သွားတော့သည်။
“ငါ့လက်မောင်းကို ကျည်ဆံထိသွားပြီဆိုပြီး တစ်ခွန်းပဲပြောပြီး မှောက်လျက်လဲကျသွားတာ”ဟု ဦးဝင်းလှိုင်နှင့် အနီးဆုံးနေရာတွင် အတူရှိနေခဲ့သော အမျိုးသားက ပြောသည်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဇာတိဖြစ်သည့် ဦးဝင်းလှိုင်တွင် ဇနီးသည်နှင့် သမီးနှစ်ဦးရှိပြီး သုံးဘီးမောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်သည်။
အခင်းဖြစ်သည့်ညက သေနတ်သံကြား၍ အိမ်မှ ထွက်မည်လုပ်စဉ် ထွက်မသွားရန် တားမြစ်ခဲ့သေးကြောင်း ဇနီးဖြစ်သူ ဒေါ်နှင်းဝေက ဆိုသည်။
ဦးဝင်းလှိုင်နေအိမ်မှထွက်သွားပြီး ၁၀ မိနစ်ခန့်အကြာတွင် သေနတ်ထိမှန်သွားကြောင်း ဇနီးဖြစ်သူ သိရှိခဲ့သည်။
အမျိုးသားဖြစ်သူ ကျည်ထိမှန်သည့်နေရာသို့ ရောက်ရှိသွားချိန်တွင်မူ အသက်မရှိတော့ကြောင်း ဒေါ်နှင်းဝေက ဆိုသည်။
ထိုနောက် အရေးပေါ်ကားဖြင့် မယ်ဒီလန်းဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။
ဦးဝင်းလှိုင်အလောင်းအား မတ်လ ၁၃ ရက်နေ့တွင် ဇဟာသုဿာန်တွင် သင်္ဂြုဟ်ခဲ့ရာတွင် ဒေသခံ ထောင်ဂဏန်းခန့် လိုက်ပါပို့ဆောင်ခဲ့သည်။
အသုဘပို့ရာလမ်းတစ်လျှောက်တွင်လည်း ပြည်သူအချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး အမှတ်သင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြီး အလေးပြုခဲ့ကြသည်။
ဦးဝင်းလှိုင်မှာ စစ်အာဏာသိမ်းပြီးနောက် ထားဝယ်ဒေသအတွင်း အသက်ပေးခဲ့ရသည့် ငါးဦးမြောက် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ သပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထားဝယ်မြို့ပေါ်မှ နှစ်ဦး၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်မှ တစ်ဦးစီ အသက်ပေးခဲ့ရပြီး ဖြစ်သည်။
မိသားစုတစ်ခုလုံး အားကိုးအားထားပြုနေရသည့် အိမ်ထောင်ဦးစီးတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းမှာ တရားမျှတမှုမရှိသည့် အခြေအနေဖြစ်နေကြောင်း ဒေါ်နှင်းဝေက ဆိုသည်။
“ပြည်သူတွေကို အပြစ်မရှိဘဲနဲ့ သူပုန်လို သဘောထားပြီး လက်နက်နဲ့အားကိုးပြီးတော့ ပစ်နေခတ်နေတာက မကျေနပ်နိုင်ဘူး”
ဦးဝင်းလှိုင် သေဆုံးချိန်တွင် ဇနီး၊ သမီးနှစ်ဦး နှင့် မြေးတစ်ဦး ကျန်ရစ်ခဲ့သည်။