BREAKING
April 11, 2025

ကထောင်းနီ လောင်းကစားဝိုင်းတွင် သိမ်းဆည်းသွားသည့်ငွေကြေးများ ပြန်တောင်းမည်ဟုဆို

February 13, 2025

ပုံစာ - တီဇစ်ကျေးရွာက လောင်းကစားဝိုင်းတစ်ခုအားတွေ့ရစဉ်။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာ လောင်းကစားဝိုင်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက် ဖမ်းဆီးပြီး သိမ်းယူသွားသည့်ငွေကြေးများကို ပြန်တောင်းမည်ဖြစ်ကြောင်း လောင်းကစားဝိုင်းတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောသည်။

‌နတ်ပွဲတွင် လောင်းကစားဝိုင်း ထည့်သွင်းပြုလုပ်ရန် ပကဖ တပ်ဖွဲ့ဝင်တစ်ဦး၏ ခွင့်ပြုချက် တောင်းခံပြီး လောင်းကစားဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့်ပြန်လည်တောင်းယူရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လောင်းကစားဝိုင်းတွင် ငွေကြေးသိမ်းဆည်းခံရသူများ၊ ဒဏ်ကြေးဆောင်ရသူများ စုစုပေါင်း လူဦးရေ ၇၀ ခန့် ဖေဖော်ဝါရီလ ၅ ရက်က ကထောင်နီကျေးရွာတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၂၀ရက်တွင် မြို့နယ်ပကဖ၏ ဒုတိတာဝန်ခံ‌ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ သည်။

ပကဖ တပ်ဖွဲ့ဝင်တစ်ဦး၏ ခွင့်ပြုချက်ဖြင့်ကျင်းပသော လောင်းကစားဝိုင်းကို ပကဖ ကပင် လာရောက်ဖမ်းဆီးပြီး ငွေများ သိမ်းဆည်းခြင်း၊ ဒဏ်ရိုက်ခြင်းမှာ မတရားအနိုင်ကျင့်ရာရောက်သဖြင့် သိမ်းဆည်းငွေများကို ပြန်တောင်းခံရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ‌တစ်ဦးကဆိုသည်။

“ဘာဖြစ်လို့ ပိုက်ဆံတွေပြန်တောင်းရသလဲဆိုရင် ပထမအရေးကြီးဆုံးအချက်က (ပကဖ) သူတို့ရဲ့အဖွဲ့ဝင်တွေမှာ ခွင့်ပြုချက် ယူပြီးလုပ်တဲ့ လောင်းကစားဝိုင်းဖြစ်တယ်။ ဒီလိုခွင့်ပြုချက်ယူပြီးမှ လုပ်တဲ့အတွက် လောင်းကစားဝိုင်း‌လုပ်တာဟာ တရားဝင်တယ်လို့ ပြောလို့ရတယ်။ ပအဖမှာ‌ရော၊ ပကဖမှာ‌ရော ခွင့်ပြုချက်ယူပြီးလုပ်တယ်။ ဒီ (လောင်းကစားဝိုင်းကို) ခွင့်ပြုပေးရင် ဘာပြန်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရှိတယ်။ နှစ်ဖက်သဘောတူပြီးမှ လုပ်ကြတာဖြစ်တယ်” ဟု အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောသည်။

ကထောင်းနီကျေးရွာတွင် လောင်းကစားဝိုင်းလုပ်ရန် လောင်းလုံးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ခွင့်ပြု၍သာ လုပ်ဆောင်ခြင်းဖြစ်ပြီး ခွင့်မပြုလျှင် မလုပ်ရဲကြောင်း ဒေသခံများက အစည်းအဝေးတွင် ပြောဆို သည်။

လောင်းကစားဝိုင်းကို ခွင့်ပြုချက်ပေးသူမှာ ပကဖတပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း ရပ်ကျေးပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်းDawei Watch ကို အတည်ပြုဖြေကြားသည်။

ကထောင်းနီ လောင်းကစားဝိုင်းမတိုင်ခင် ကညုံကျွန်ကျေးရွာတွင်ပြုလုပ်သည့် လောင်းကစားဝိုင်းတွင်လည်း အဆိုပါ တပ်ဖွဲ့ဝင်ကပင် ခွင့်ပြုချက်ပေးခဲ့ပြီး လောင်းကစားဝိုင်း ကောက်ခံရရှိငွေထဲက ကျပ် ၁၉သိန်းကိုလည်း ပေးခဲ့ရကြောင်း ‌အစည်းအဝေး တက်ရောက်လာသူတို့က ပြောဆိုကြသည်။

ကထောင်းနီရွာက လောင်းကစားဝိုင်းကိုဝင်ဖမ်းစဉ် လောင်းကစားနှင့်သက်ဆိုင်သည်ဟုဆိုကာ ‌ငွေကြေးများကို သိမ်းဆည်း ခြင်း၊ လောင်းကစားလုပ်သူအချို့ကို ဒဏ်ငွေကျပ်ငါးသောင်းစီဆောင်စေခြင်းတို့ လုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် ထိုနေ့ကလောင်းကစားဝိုင်းပြုလုပ်နေသည်မှာ ကထောင်းနီကျေးရွာတစ်ခုတည်းမဟုတ်ဘဲ ခပ်လှမ်းလှမ်းရှိ ကျောက်ဖြူကျေးရွာတွင်လည်း နတ်ပွဲအကြောင်းပြု လောင်းကစားဝိုင်းကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ကျောက်ဖြူကျေးရွာလောင်းကစားဝိုင်းကိုမူ ဝင်ရောက်ဖမ်းဆီးခြင်းမရှိခြင်းအပေါ်လည်း မေးခွန်းထုတ်ကြသည်။

ယင်းအပြင် အခြားကျေးရွာများတွင်လည်း ရွာတိုင်းနီးပါး လောင်းကစားဝိုင်းကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခဲ့ကြသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဒုတာဝန်ခံကမူ ယင်းအချိန်က စစ်ရေးကိုဦးစားပေးလုပ်နေရသဖြင့် လောင်းကစားဝိုင်းများဘက်ကိုအချိန်မပေးနိုင်သေးသဖြင့် လွှတ်ထားခြင်းဖြစ်ကြောင်း Dawei Watch ကို ပြောဆိုခဲ့ဖူးသည်။

အစည်းအဝေး တက်ရောက်သည့် ဒေသခံတို့ကမူ ယင်းပြောဆိုချက်မှာ အကြောင်းပြချက်သာဖြစ်ပြီး လောင်းကစားဝိုင်း များတွင် ပကဖတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရကြောင်း ပြောဆိုကြသည်။

ပကဖ တပ်ဖွဲ့ဝင်များသည် လောင်းကစားဝိုင်းဖမ်းစဉ်က လောင်းကစားဝိုင်းနှင့် သက်ဆိုင်ခြင်း မရှိသူများကိုလည်း ဖမ်းဆီး ပြီး ဒဏ်ငွေဆောင်စေခြင်း၊ လောင်းကစားဝိုင်းနှင့် ခြံချင်းကပ်လျက် နေအိမ်ပေါ်မှ ငွေကျပ်ဆယ်သိန်းကျော် ယူဆောင်သွား ခြင်း၊ လေဖြတ်ရောဂါခံစားနေရသဖြင့် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နေသူ အသက် ၇၀ကျော်အရွယ် အဘိုးတစ်ဦးကို လည်း ဒဏ်ငွေဆောင်စေခြင်းတို့ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့်ကာယကံရှင်အသီးသီးက ထုတ်ဖော်ပြောဆိုကြ သည်။

လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံကမူ လောင်းကစားဝိုင်းနှင့် မသက်ဆိုင်သည့် ငွေကြေးများကို သိမ်းဆည်းခြင်း လုံးဝမရှိကြောင်း ပြောဆိုသည်။

သိမ်းဆည်းသွားသည့် ငွေကြေးများကို ဒေသခံများက ပြန်တောင်းမည်ဆိုသည့်ကိစ္စကို မသိရသေးဘဲ အကယ်၍ တောင်းခံ လာပါကလည်း ပြန်ပေးမည်၊ မပေးမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး (ပိုက်ဆံပြန်‌တောင်းမယ့်ကိစ္စ) ကျွန်တော်တို့ ဘာမှမသိသေးဘူး။ တကယ်လို့ တောင်းလာမယ် ဆိုရင်လည်း အထက်အဆင့်ဆင့်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ရမယ့်သဘောတော့ရှိတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လောင်းကစားဝိုင်းကို ပကဖ တပ်ဖွဲ့ဝင်က ခွင့်ပြုခဲ့သည်ဆိုခြင်းမူ မသိရှိသေးကြောင်း ၎င်းက ပြောဆိုသည်။ လောင်းကစားဝိုင်း ခွင့်ပြုသည့် ကိစ္စများတွင် ပကဖ၊ ပအဖ တာဝန်ခံများ စစ်ဆေးနေပြီး ပါလျှင် အရေးယူမည်ဖြစ်ကြောင်း ၎င်းက —- တွင် Dawei Watch သို့ ဖြေကြားဖူးသည်။

ယင်းအပြင် လောင်းကစားဝိုင်းအားဖမ်းဆီးစဉ် ပြည်သူအချို့အား ရိုက်နှက်ခြင်း၊ ခွန်းတုံ့ပြန်ပြောသူများကို ပါးစပ်တွင် တုတ်ကိုက်ခိုင်းခြင်း၊ ရေဆာသဖြင့် ရေသောက်ခွင့်တောင်းသူများကို တစ်လီတာရေသန့်ဘူး အဖုံးဖြင့်သာ ရေတိုက်ရန် ပြောဆိုခြင်းတို့လည်း ပကဖတပ်ဖွဲ့ဝင်တို့က လုပ်ဆောင်းခဲ့သည်ဟု ဆိုသည်။

ပကဖ တပ်ဖွဲ့ဝင်များအနေဖြင့် ယင်းကဲ့သို့ကျူးလွန်ခဲ့ခြင်းမရှိ၊ မရှိကိုလည်း သေချာစွာမသိသေးဘဲ ကျူးလွန်သည်ရှိသော် ကျူးလွန်သူအား အပြစ်ပေးအရေးယူရမည်ဖြစ်ကြောင်း ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ကထောင်နီလောင်းကစားဝိုင်းတွင် ကျပ်သိန်း ၂၄၀ ကျော်ကိုသာ သိမ်းဆည်းခဲ့ကြောင်း ပကဖက ထုတ်ပြန်ခဲ့ သော်လည်း လောင်းကစားဝိုင်းတွင် ပါဝင်သူများကမူ ကျပ်သိန်း ၅၀၀ ‌ဝန်းကျင်အထိရှိကြောင်း ပြောဆိုကြသည်။

သိမ်းဆည်းခံရသည့် ငွေကြေးပြန်တောင်းရန် စာရင်းပြုစုရာတွင်မူ ကျပ်သိန်း ၃၈၀ ကျော်ရှိပြီး ထိုအထဲတွင် သိမ်းဆည်းခံရသူအားလုံး မပါဝင်သေးကြောင်း လောင်းကစားဝိုင်းတွင် ပါဝင်သူတို့က ဆိုသည်။

ငွေများပြန်ပေး‌ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် မြို့နယ်ပအဖမှတစ်ဆင့် ယခုသီတင်းပတ်ထဲတွင် စာပေးပို့ တောင်းဆိုရန်ီစစဉ်နေပြီး ပြုစုထားသည့်သိမ်ဆည်းခံငွေစာရင်းကိုပါ ပူးတွဲပေးပို့မည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။