BREAKING
February 15, 2025

ဖက်ဒရယ်ထောက်ပံ့ငွေ ထရမ့်ဆိုင်းငံ့ထားမှု ချက်ချင်းရုတ်သိမ်းရန် ကန်တရားသူကြီး ထပ်ဆင့်အမိန့်ချ

February 13, 2025

အမေရိကန်ပြည်ထောင်စု၊ ဖက်ဒရယ်အစိုးရအထောက်အပံ့ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ထရမ့်အစိုးရက ဆိုင်းငံ့ပိတ်သိမ်းထားမှုကို ချက်ချင်းရုတ်သိမ်းရန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္လာနေ့တွင် ထပ်ဆင့်အမိန့်ချမှတ်လိုက်သည်။

ဖက်ဒရယ်အစိုးရအထောက်အပံ့အားလုံးကို သမ္မတထရမ့်၏ မူဝါဒနှင့် ကိုက်ညီမှုရှိမရှိ ပြန်လည်သုံးသပ်စစ်ဆေးမည်ဖြစ်၍ ယင်းအထောက်အပံ့အားလုံးကို ဆိုင်းငံ့ပိတ်သိမ်းထားလိုက်ပြီ ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် သက်ဆိုင်ရာဌာနအသီးသီးသို့ ထရမ့်အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အစိုးရအသုံးစရိတ်ဌာနက အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

ယင်းမှာ အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုထားသည့် ဖက်ဒရယ်အစိုးရ အထောက်အပံ့များကို ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထရမ့်အစိုးရ၏ ယင်းဆုံးဖြတ်ချက်အပေါ် ဝါရှင်တန်ဒီစီနှင့် ပြည်နယ် ၂၂ ခုမှ ပြည်နယ်ရှေ့နေချုပ်များက တရားစွဲဆိုခဲ့ကြသည်။

ယင်းနောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရို့ဒ်အိုင်းလန်းပြည်နယ် ဖက်ဒရယ်တရားသူကြီး McConnell က ထရမ့်အစိုးရ၏ ဖက်ဒရယ်အထောက်အပံ့ငွေ ရပ်ဆိုင်းမှုကို ဟန့်တားကြောင်း ယာယီအမိန့်ချမှတ်ခဲ့သည်။

တရားသူကြီး၏ အမိန့်ကို ထရမ့်အစိုးရက အပြည့်အဝလိုက်နာခြင်းမရှိကြောင်း ၊ ဖက်ဒရယ်အစိုးရ အထောက်အပံ့အစီအစဉ်အချို့မှာ ဆက်လက်ရပ်တန့်နေဆဲ ဖြစ်ကြောင်း တရားစွဲထားသည့် ပြည်နယ်ရှေ့နေချုပ်များက ထောက်ပြဝေဖန်ခဲ့ကြသည်။

ကလေးဘဝအစောပိုင်းပညာရေး ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး ၊ HIV ကူးစက်မှု ကာကွယ်တားဆီးရေး သုတေသန အစရှိသည့် ကိစ္စရပ်များအတွက် ဖက်ဒရယ်အစိုးရ အထောက်အပံ့များမှာ ၎င်း၏ ကနဦးအမိန့်ချမှတ်ပြီးနောက်မှာပင် ဆက်လက်ရပ်ဆိုင်းနေဆဲ ဖြစ်ကြောင်း ဖက်ဒရယ်တရားသူကြီး McConnell က တွေ့ရှိခဲ့သည်။

နောက်ဆက်တွဲအနေနှင့် ယခုအပတ် တနင်္လာနေ့တွင် ထရမ့်အစိုးရ၏ ဖက်ဒရယ်အစိုးရ အထောက်အပံ့ငွေ ရပ်ဆိုင်းမှုများ ချက်ချင်းရုတ်သိမ်းရန် ဖက်ဒရယ်တရားသူကြီး McConnell ၏ အမိန့်ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းအမိန့်အပေါ် အယူခံဝင်နေကြောင်း အိမ်ဖြူတော်က တနင်္လာနေ့မှာပင် ထုတ်ပြန်ခဲ့သည်။

Source : The Guardian, Associated Press⁩