BREAKING
February 15, 2025

ထိုင်းစစ်သားများ နှိပ်စက်၍ မြန်မာတစ်ဦး သေဆုံးခဲ့မှု ထိုင်းရှေ့နေများကောင်စီ ကိုင်တွယ်မည်

February 13, 2025

ပုံစာ - အောင်ကိုကို အမှုကို ယနေ့ ထိုင်းရှေ့နေများကောင်စီသို့ တင်သွင်းနေစဉ်။ ဓာတ်ပုံ - Fortify Rights

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ထိုင်းစစ်သားများ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားအတွက် အမှုမှန်ပေါ်ပေါက်ရေး ထိုင်းရှေ့နေများကောင်စီအဖွဲ့က ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Fortify Rights အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က အသက် ၃၇ နှစ်အရွယ် အောင်ကိုကိုအား မြန်မာနိုင်ငံသားတစ်ဦး ချော်ရော်ဘော်ဟုခေါ်သော ရပ်ရွာအခြေပြု လုံခြုံရေးဝတ်စုံ ဝတ်ထားသည်ဟုဆိုကာ ထိုင်းစစ်သားသုံးဦးကဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေလုမျောပါးဖြစ်နေသော အောင်ကိုကိုအား မြန်မာဘက်ခြမ်းသို့ သွားပစ်ထားရန် အတူလိုက်ပါလာသော နောက်ထပ် မြန်မာနိုင်ငံသား စေတနာ့ဝန်ထမ်းတစ်ဦးကို ထိုင်းစစ်သားများက စေခိုင်းခဲ့သည်။

အောင်ကိုကိုအား မြန်မာစေတနာ့ဝန်ထမ်းများက ထိုင်း-မြန်မာနယ်စပ် အနားသို့ သယ်ယူစဉ် သေဆုံးခဲ့ပြီး မိသားစုဝင်များက ယင်းနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အောင်ကိုကိုသေဆုံးမှုနှင့် ပတ်သက်၍ ရိုက်နှက်မှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ အတူလိုက်ပါလာသော အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား စေတနာ့ဝန်ထမ်းတစ်ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က အတင်းအကျပ်ဖမ်းဆီးခဲ့ပြီး အဓိက ပြစ်မှုကျူးလွန်သူအဖြစ် စွဲချက်တင်ခဲ့ကာ ထောင်ဒဏ် ၃ နှစ် ၄ လ ချမှတ်ခံခဲ့ရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ထိုင်းစစ်သားများသည် အချိန် တစ်နှစ်ကျော်လာသော်လည်း ဥပဒေအရ အရေးယူခံရခြင်းမရှိသေးကြောင်း Fortify Rights အဖွဲ့ထံမှသိရသည်။

ထို့ကြောင့် အမှုကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ပေးနေသော Fortify Rights အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းရှေ့နေများကောင်စီကို တင်သွင်းခဲ့ရာ အမှုကို လက်ခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

အမှုမှန်ပေါ်ပေါက်လာရေးအတွက် အောင်ကိုကိုသေဆုံးခဲ့မှုကို အနီးကပ် လေ့လာရန်နှင့် တရားမျှတမှုရရှိရန် ထိုင်းရှေ့နေများကောင်စီပါဝင်သည့် အလုပ်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာချုပ် Matthew Smith က ပြောသည်။

“အောင်ကိုကိုအပေါ် ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဆုံးမှုအတွက် ထိုင်းစစ်သားတွေအနေနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့အတွက် ကြိုးပမ်းရာမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်” ဟု Matthew Smith က Dawei Watch ကို ဖြေကြားသည်။

အမှုကို စုံစမ်းစစ်ဆေးရန် ထိုင်းရှေ့နေများကောင်စီက လက်ခံခဲ့ခြင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို ထိုင်းနှင့်နိုင်ငံတကာဥပဒေများအောက်တွင် အကာအကွယ်ပေးရန် ကြိုးပမ်းမှုခြေလှမ်းဖြစ်ကြောင်း Matthew Smith က ပြောသည်။

မြန်မာနိုင်ငံသားများအပေါ် ထိုင်းအရာရှိများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ယခင်ကလည်း ပြစ်ဒဏ်ကျခံရခြင်းမရှိဘဲ ကင်းလွတ်ခဲ့သည့် သာဓကများလည်း ရှိခဲ့ကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် Fortify Rights မှာ အခွင့်အရေးများ ခိုင်မာအောင် လုပ်ဆောင်ရေးအဖွဲ့ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားကို အသက်သေသည်အထိ ဖမ်းဆီးနှိပ်စက်ခံရမှုတွင် တရားမျှတစေရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထိုင်းရှေ့နေများကောင်စီက ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် အောင်ကိုကိုအမှုသည် အမှုမှန်ပေါ်ပေါက်လာမည်ဖြစ်ပြီး ကျူးလွန်သော ထိုင်းစစ်သားများကို တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်ထားသည်။

အောင်ကိုကိုသေဆုံးခဲ့မှုကို ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် Dawei Watch က ရေးသားဖော်ပြခဲ့သော ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

‘မြန်မာတစ်ဦးကို သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားများ အရေးယူမခံရ’ > https://www.daweiwatch.com/14/11/2024/101166/