ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘီးလင်းမြို့နယ်က မစောတံတားကို ပြန်တည်ဆောက် ရန် ယာယီသံဘောင်ဘေလီတံတားကို ဖြုတ်၍ လမ်းလွှဲမှ အလှည့်ကျ သွားနေ ရသဖြင့် ကားများပိတ်မိနေကြောင်း ကားသမားများထံမှသိရသည်။
တံတားပြန်တည်ဆောက်ရန်အတွက် သံဘောင်ဘေလီတံတားကို ဖေဖော်ဝါရီလ ၁၂ရက်က ဖြုတ်လိုက်ကြောင်း ကားသမားများထံမှ သိရသည်။
တံတားနံဘေးတွင်ဖောက်ထားသည့် မြေသားလမ်းမှ ယာဉ်ကြော တစ်ခြမ်းစီကို နှစ်နာရီစီ အလှည့်ကျဖြင့် သွားနေကြောင်း လမ်းတွင် ပိတ်မိခဲ့သည့် ခရီးသည်တင်ယာဉ်မောင်း ထားဝယ်ဒေသခံ တစ်ဦးကပြောပြသည် ။
“ကားက လမ်းလွှဲက လမ်းကြောင်းတစ်ခုပဲရတယ် ။ တစ်ခြမ်းချင်းပေးသွားတယ် ။ ကားတန်းစီပြီး တံတားဖြတ်ပြီးတဲ့အထိ နှစ်နာရီကျော်ကျော်ကြာတယ် “ ဟု ၎င်းကပြောသည် ။
ကားဖြတ်ရမည့်အလှည့်စောင့်ဆိုင်းစဉ် ညအိပ်စောင့်လိုက်ရသည့် ကားသမားများ နှင့် ခရီးသည်များလည်းရှိကြောင်း ကားသမားအသိုင်းအဝိုင်းထံကသိရသည် ။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း ကားလမ်းပိတ်မှု ဆက်ဖြစ်နေသေးသည်ဟု ကားသမားများထံမှသိရသည် ။
မစောတံတားတွင် ကားလမ်းပိတ်မှုကြောင့် ထားဝယ်ဘက်သို့ ပြန်သည့် ခရီးသည်တင်ယာဉ်များ ကလိန်အောင်တံတားဂိတ် နှင့် အိမ်ရှေ့ပြင်ဂိတ် စသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ ဝင်ခွင့် ပြုသည့် ညနေ ၆ နာရီ အချိန်မီရန် ယခင်ထက် ပို၍ မြန်မြန် မောင်းရကြောင်း အထက်ပါ ယာဉ်မောင်းကပြောသည် ။
မစောတံတားသည် အရှည် ၁၀၆ ပေ ၊ အကျယ် ၂၄ ပေ ရှိပြီး ၂၀၂၄ ခုနှစ် မေလ ၂၄ ရက် က မိုင်းခွဲဖျက်ဆီးခံရ၍ ပျက်စီးခဲ့သည်။
ပျက်စီးသွားသည့် မစောတံတားကို စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ခဲ့သော်လည်း တိုက်ခိုက်ခံရမှုများရှိသဖြင့် မပြုပြင်သေးဘဲ ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်မီအထိ ယာယီ ဘေလီတံတားထိုး၍ ဖြတ်သန်းခွင့် ပြုထားခဲ့ကြောင်း ဒေသခံများ နှင့် ကားသမားများထံမှသိရသည် ။