ဩစတြေးလျ အတိုက်အခံပါတီဖြစ်သော One Nation ပါတီမှ မကြာသေးခင်က ထုတ်ပြန်လိုက်သည့် လူဝင်မှုကြီးကြပ်ရေး ပေါ်လစီမူကြမ်းတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အမြောက်အများကို ပြန်နှင်ထုတ်ပြီး ဩစတြေးလျနိုင်ငံအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စေမည်ဟု ဖော်ပြထားသည်။
ဗီဇာသက်တမ်းကျော်လွန်နေထိုင်နေပြီး ဥပဒေအရ ခွင့်မပြုဘဲ အလုပ်လုပ်ကိုင်နေသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၅,၀၀၀ ကို အယူခံဝင်ခွင့်မပေးဘဲ နိုင်ငံမှ ပြန်နှင်ထုတ်သွားမည်ဟု ယင်းမူကြမ်းက ဆိုသည်။
တစ်နှစ်လျှင် လူအရေအတွက် ၁၃၀,၀၀၀ ထက် ကျော်လွန်ပြီး ဩစတြေးလျပြည်ဝင်ခွင့် ပေးမည် မဟုတ်ကြောင်း ၊ လက်ရှိခွင့်ပြုထားသည့် အရေအတွက်မှ ၅၇၀,၀၀၀ အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ယင်းမူကြမ်းတွင် ဖော်ပြထားသည်။
ဩစတြေးလျနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို ၈ နှစ်ကြာ စောင့်ဆိုင်းစေပြီးမှ လက်ခံမည့်အစီအစဉ်ကို စတင်မိတ်ဆက်ပြီး နိုင်ငံခြားကျောင်းသားအရေအတွက်ကိုလည်း လျှော့ချသွားမည်ဟု ပါတီခေါင်းဆောင်ဖြစ်သူ ဆီးနိတ်အမတ် Pauline Hanson ပြောသည်။
ဩစတြေးလျတက္ကသိုလ်များသည် ဩစတြေးလျနိုင်ငံသားများအတွက်သာ ဦးစားပေးဖြစ်ရမည်ဟု ဆိုလိုက်ပြီး နိုင်ငံခြားကျောင်းသားများက မိသားစုဝင်များကိုပါ ခေါ်ဆောင်လာသည်ကို ပိတ်ပင်သွားမည်ဟု သူမက ဆိုသည်။
အမြဲတမ်းနေထိုင်ခွင့်လျှောက်နိုင်ရန် တက္ကသိုလ်တက်ရောက်နေကြသည့် ဥပဒေယိုပေါက်ကိုလည်း ဖာထေးသွားမည်ဟု သူမက ပြောသည်။
အစွန်းရောက်အတွေးအခေါ်များကို အားပေးအားမြှောက်ပြုသည်ဟု အများသိရှိထားသည့် နိုင်ငံများမှနေ၍ ဩစတြေးလျပြည်ဝင်ခွင့် လျှောက်ထားသည်ကို ပယ်ချသွားမည်ဟုလည်း သူမက ပြောသည်။
ရေလမ်းမှတစ်ဆင့် လှေဖြင့် တရားမဝင် ဝင်ရောက်လာသူများကို ဟန့်တားကာ လေဘာအစိုးရ ပယ်ဖျက်လိုက်သည့် ယာယီအကာအကွယ်ပေးသည့်ဗီဇာ(TPV)များကို ပြန်အသက်သွင်းမည်ဟု ဆိုသည်။
အစိုးရအနေဖြင့် ဩစတြေးလျနိုင်ငံသားများ၏ အကျိုးစီးပွားကို ပထမဦးစားပေးပြီး ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဒေသခံလူထု၏ လိုလားချက်ကို ဖော်ဆောင်ပေးရမည့် အချိန်ဖြစ်ကြောင်း One Nation ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဆီးနိတ်အမတ် Pauline Hanson က ဆိုသည်။
လက်ရှိလေဘာပါတီအစိုးရလက်ထက် စံချိန်တင်မြင့်မားသည့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကြောင့် နိုင်ငံ၏ အိမ်ရာအကျပ်အတည်းနှင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ပြည်သူ့ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံများအပေါ် ဝန်ပိလာစေသည်ဟု သူမက ဝေဖန်သည်။
“One Nation ပါတီသည် ဩစတြေးလျနိုင်ငံနှင့် ဩစတြေးလျနိုင်ငံသားများကို ပထမဦးစားပေးသည်”ဟု ယင်းမူကြမ်း၏ အောက်ဆုံးတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက စစ်တမ်းတစ်ခုအရ One Nation ပါတီသည် လူထုထောက်ခံမှုနှုန်း ၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
Source : https://www.onenation.org.au