မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများလိုက်ပါလာသည့် ကားတစ်စီးမိုင်းထိမှန်ပြီး ကျောင်းသားအချို့ ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ သကန်တောင်ပုကျေးရွာအနီးတွင် မိုင်းထိခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် ကျောင်းသားနှစ်ဦး မိုင်းစ ထိမှန်သွားကြောင်း ဒေသခံများကဆိုသည်။
ကားပေါ်တွင် မူလတန်းပြဆရာတစ်ဦးနှင့် ကျောင်းသား ၆ ဦး လိုက်ပါလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဒဏ်ရာရသွားသူအရေအတွက်နှင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပြီး မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို ဆက်သွယ်မေးမြန်းရာတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၄ ဦး ဒဏ်ရာရသွားကြောင်း ပြောဆိုသည်။
အဆိုပါကားမှာ စာမေးပွဲအတွက် လိုအပ်သည့် စာသင်ခုံများကို တောင်ဖီလာရွာရှိ အထက်တန်းကျောင်းမှ သွားရောက်သယ်ယူချိန် မိုင်းထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲနယ်မြေတွေဖြစ်တဲ့အတွက် တစ်ဘက်နဲ့တစ်ဘက် မိုင်းထောင်တိုက်ခိုက်တာတွေရှိတော့ ကြားထဲက ပြည်သူတွေကတော့ ဓားစာခံပေါ့ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကမူ ယခုပေါက်ကွဲမှုဖြစ်စဉ်က ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း (ယနေ့) ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဆရာမနှင့် ကျောင်းသားများထိခိုက်မှုရှိသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း နှင့် မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို စုံစမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုဖြစ်စဉ်က စစ်ကောင်စီဘက်ကလည်း ထင်ယောင်ထင်မှားဖြစ်စေနိုင်အောင် လုပ်ဆောင်တာလည်း ရှိနိုင်ပါတယ်”ဟု မြိတ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရသည့် ကျောင်းသားနှစ်ဦးကို မြိတ်မြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“အဆိုးထဲက အကောင်းက ထိခိုက်ဒဏ်ရာပဲရလို့ တော်သေးတယ်လို့ပြောရမယ်။ ကျောင်းသားတွေဖြစ်တဲ့အတွက် ဒေသခံတွေကတော့ မကျေနပ်ကြဘူး။ အမျိုးမျိုးဝေဖန်ပြောဆိုနေကြတယ်” ဟု၎င်းက ပြောသည်။
လက်ရှိပေါက်ကွဲမှုဖြစ်သည့် နေရာမှာ စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့နှင့် ၂၅ မိုင်ခန့်အကွာတွင်ရှိကာ မြိတ်-ကော့သောင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။