စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်းငါးဦး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ပူးပေါင်းပြီး ၎င်းတို့အနက် နှစ်ဦးမှာ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်မည်ဖြစ်ကြောင်း ပကဖ ဒုတာဝန်ခံက ပြောသည်။
ပကဖတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူငါးဦးမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နှင့် အပတ်စဉ် (၂) တို့အတွက် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတို့တွင်စုဆောင်းခံရပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းတွင် တာဝန်ကျသူများ ဖြစ်ကြောင်း ပကဖထံမှ သိရသည်။
အဆိုပါစစ်မှုထမ်းငါးဦးသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလထဲတွင် တစ်ဦးချင်းသော်လည်းကောင်း၊ နှစ်ယောက်တွဲ သော်လည်းကောင်း လာရောက်ပူးပေါင်းသူများရှိသည့်အပြင် ပကဖတပ်ဖွဲ့က တပ်ရင်းအနီးအထိသွားပြီး ချိတ်ဆက် ခေါ်ထုတ်လာသူလည်းရှိကြောင်း ပကဖ ဒုတာဝန်ခံက ဆိုသည်။
ယင်းအနက် အစောဆုံး လာရောက်ပူးပေါင်းသူတစ်ဦးမှာ ပကဖတပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နောက်ထပ်လာရောက်ပူးပေါင်းသူတစ်ဦးကလည်း စစ်ကောင်စီကို ပြန်လည်တော်လှန်မည်ဟုပြောဆိုထားပြီး ကျန်သုံးဦး ကိုမူ CDM စစ်သား၊ ရဲများကို ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ချိတ်ဆက်ကာ လွတ်မြောက်နေရာ ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အစတုန်းကတော့ သူတို့နှစ်ယောက်မှာ တော်လှန်ရေးဆက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်တော်တို့ (ပကဖ တပ်ဖွဲ့) နဲ့ တွေ့တဲ့အချိန်ကျမှ အားတက်သရောဖြစ်လာပြီးတော့ ဒီလိုမျိုး တော်လှန်ရေးလုပ်မယ်ဆိုပြီး ပါဝင်လာကြတာ” ဟု ပကဖ ဒုတာဝန်ခံက ပြောသည်။
တော်လှန်ရေးတွင် ပါဝင်လာရန် ဖိအားပေးခြင်း တစ်စုံတစ်ရာမရှိဘဲ ၎င်းတို့၏ဆန္ဒအား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးခဲ့ ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့ အသီးသီးထံ ချိတ်ဆက်ပြီး ပူးပေါင်းလာသူများ ၂၀၂၄ ခုနှစ်တွင် ပိုများလာပြီး အများစုမှာ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူများကို တော်လှန်ရေးတပ်တို့က အကူအညီပေးပြီး ဆုငွေများချီးမြှင့်ခြင်း၊ သွားလိုသည့် နေရာသို့ ပို့ဆောင်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီလက်အောက်မှာ ရုန်းထွက်လိုသူ၊ စစ်မှုထမ်းစုဆောင်းခံရသူများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ကူညီ ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့က အသီးသီးထုတ်ပြန်ပြောဆို အသိပေးထားသည်။