စစ်မှုထမ်းဥပဒေဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ သုံးရက်အလိုမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်တွေဆီကို ပြန်သွားကြည့်တဲ့အခါ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ နေရာများစွာမှာ တည်ငြိမ်အေးချမ်းနေတာကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် ရန်ကုန်နဲ့ အလယ်ပိုင်းမြန်မာနယ်မြေတွေအများစုမှာ စစ်ပွဲဆိုတာကို ရုပ်ရှင်ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးကြားဖူးကြပါတယ်။
စာသင်ကျောင်းတွေမှာသင်ကြရတဲ့စာတွေထဲမှာလည်း မြန်မာနိုင်ငံမှာ စစ်ပွဲရှိနေတယ်ဆိုတာကို တစ်ကြိမ်တစ်ခါမှ ထည့်သွင်းဖော်ပြထားတာမျိုးလည်း ရှိမနေပါဘူး။
တိုင်းရင်းသားနယ်မြေတွေမှာတောင်မှ ကရင်နဲ့ ရှမ်းရဲ့ ဒေသတချို့မှာပဲ တိုက်ပွဲတွေ ရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ၂၀၀၉ ကိုးကန့်ဒေသစစ်ပွဲတွေ ပြီးခါစအချိန်လည်း ဖြစ်ပါတယ်။ ကချင်မှာလည်း အပစ်အခတ်ရပ်စဲရေးသဘောတူထားတာ မကျိုးပေါက်သေးပါဘူး။
အဲဒီလိုမျိုး ငြိမ်သက်နေတဲ့အချိန်မှာ အခုဥပဒေကို အဲဒီအချိန်က စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ နအဖအစိုးရအမည်နဲ့ပါပဲ။
အခုအခြေအနေတွေကတော့ အဲဒီတုန်းကနဲ့ လားလားမျှ မတူညီတော့ပါဘူး။ နိုင်ငံဟာ ဂျွမ်းထိုးမှောက်ခုံဖြစ်လို့နေသလို ချောက်ကမ်းပါးဆီကိုလည်း အရှိန်နဲ့ လိမ့်နေပါတယ်။
မြန်မာစကားပုံမှာ ‘အကြံကုန် ဂဠုန်ဆားချက်’ ဆိုတာ ရှိတာပါပဲ။
လွန်ခဲ့တဲ့ လေးလက ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ အတောအတွင်းမှာ စစ်တပ်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းတွေ နုံနဲ့ညံ့ဖျင်းမှုကို အထင်းသားပေါ်လွင်သွားခဲ့ပါတယ်။ စစ်ခေါင်းဆောင်နှစ်ယောက်ကို ဗိုလ်မြောက်ရှုံးနဲ့ တပ်ပြုန်းညီနောင်ဆိုပြီး အမည်ပေးခံရတဲ့အထိပါပဲ။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းမြောက်ဒေသမှာ စစ်မီးတောက်တွေ လျော့ကျသွားပေမဲ့ ရခိုင်ပြည်နယ်ထဲမှတော့ အကြီးအကျယ် လောင်မြိုက်နေပြီး အေအေက အောင်ပွဲခံနေပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယထဲကို တစ်မျိုး၊ ဘင်္ဂလားဒေ့ရှ်ထဲကို တစ်မျိုး မရိုးနိုင်အောင် ထွက်ပြေးနေကြပါတယ်။
အဲဒီအခြေအနေတွေမှာပဲ အကြံကုန်နေတဲ့ ဂဠုန်ဟာ ဆားချက်တော့တာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို အနှစ်ချုပ်ရမယ်ဆိုရင်တော့ ယောက်ျားလေးဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်၊ မိန်းကလေးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်၊ ဒါအပြင် ဆရာဝန်လို၊ အင်ဂျင်နီယာလို ဒါမှမဟုတ် စက်မှုလက်မှုပညာ ဒါမှမဟုတ် တခြားအတတ်ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဆိုရင် ယောက်ျားလေးဆိုရင် ၄၅ နှစ် မပြည့်မချင်း၊ မိန်းကလေးဆိုရင် ၃၅ နှစ်အတွင်းမှာ အနည်းဆုံးနှစ်နှစ် စစ်မှုထမ်းရမယ်။ အခြေအနေအနေအရ သုံးနှစ်လည်း ဖြစ်သွားနိုင်တယ်။ အခုလို ပရမ်းပတာအခြေအနေ (အရေးပေါ်အခြေအနေ) မျိုးမှာဆိုရင်တော့ ငါးနှစ်ပေါ့။
နေမကောင်းဖြစ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကျောင်းတက်နေသူတွေ၊ မိအိုဖအိုတွေကို လုပ်ကျွေးပြုစုနေသူတွေ၊ ဆေးရုံတေက်ပြီး ဆေးဖြတ်နေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ အဲဒီကာလတွေမှာ ယာယီကင်းလွတ်ခွင့် ရကြပါမယ်။ ဒါပေမဲ့ အဲဒါတွေပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ အသက် ကျော်သည်ဖြစ်စေ၊ မကျော်သည်ဖြစ်စေ စစ်မှုထမ်းကြရမယ်လို့ ဆိုပါတယ်။ ရှောင်ပြေးရင် ထောင်သုံးနှစ်၊ ကိုယ့်ကိုယ်ကိုယ် မကျန်းမာအောင်၊ မသန်စွမ်းအောင် တမင်လုပ်ရင်တော့ ငါးနှစ် ဖြစ်ပါတယ်။
နောက်ပြီး ရပ်ကျေး တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်ထားပါသေးတယ်။ ‘ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် မိမိရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် နေထိုင်သော နိုင်ငံသားများအနက် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက် ပြုစုပေးပို့ရမည်။’ လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ စစ်တပ်အနေနဲ့ အင်အားသိသိသာသာ ပြုန်းတီးသွားခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။ စီဒီအမ်လုပ်သွားတာ၊ တိုက်ပွဲတွေမှာ ကျဆုံးသွားတာ၊ ထွက်ပြေးတာ၊ သုံ့ပန်းအဖြစ် ဖမ်းခံရတာ စတဲ့အကြောင်းအရာတွေနဲ့ပါပဲ။ တစ်ဖက်မှာလည်း စစ်တပ်ကို ရွံမုန်းသွားကြလို့ အများအပြားကလည်း စစ်ထဲမဝင်လိုကြတော့ပါဘူး။
သာမန်စစ်သားအဖြစ်မဆိုထားနဲ့ အရာရှိအဖြစ် ဝင်ရောက်လိုသူတွေတောင် သိသိသာသာ နည်းပါးသွားတယ်ဆိုတာကို စစ်တက္ကသိုလ်သင်တန်းဆင်းပွဲတွေကို ကြည့်ရင် မြင်နိုင်ပါတယ်။ အဲဒီအခြေအနေတွေကို ဖြေရှင်းလိုတဲ့ ဆန္ဒနဲ့ အခုဥပဒေကို ပွဲထုတ်လာတာ ဖြစ်မှာပါပဲ။
နိုင်ငံသားတွေအနေနဲ့ ဒို့တာဝန်အရေးသုံးပါးလို့ခေါ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာတွေကို စောင့်ထိန်းဖို့ တာဝန်ရှိတာကြောင့် အခုဥပဒေကို ပြဋ္ဌာန်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေပြဋ္ဌာန်းပြီး လေးလလောက်အကြာမှာ ဦးသန်းရွှေနဲ့ သူ့နောက်လိုက်တစ်စုဟာလည်း နိုင်ငံရေးကနေ တရားဝင်အနားယူသွားခဲ့ကြပါတယ်။
ဥပဒေကို ပြဋ္ဌာန်းထားပေမဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်တဲ့အခါမှပဲ အသက်ဝင်အာဏာတည်စေရမယ်လို့ အဲဒီဥပဒေထဲမှာပဲ ထည့်သွင်းဖော်ပြထားပါတယ်။ ၁၃ နှစ်ကျော်ကြာတဲ့အထိ အမိန့်ကြော်ငြာထုတ်ပြန်တာ မရှိခဲ့တာမို့ အသက်လည်း မဝင်ခဲ့ပါဘူး။
အခုမှပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လှုပ်နှိုးလိုက်တာပါ။ ဒီနေရာမှာ ထောက်ပြစရာရှိတာက ဥပဒေရဲ့ ပထမဆုံးပုဒ်မ နံပါတ်-ခ ဖြစ်ပါတယ်။
“(ခ) ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်” လို့ ဖော်ပြထားတာပါပဲ။ ‘နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’ ဆိုတာက ဦးသန်းရွှေလက်ထက်က မှည့်ခေါ်ခဲ့တဲ့ အဖွဲ့အစည်းနာမည်ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဦးသိန်းစိန်အစိုးရအဖွဲ့ စဖွဲ့လိုက်ကတည်းက ဖျက်သိမ်းပြီးသားဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ရဲ့အာဏာသိမ်းအဖွဲ့ကို အမည်ပေးထားတာက ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ ဆိုပြီး ဖြစ်ပါတယ်။ ဒီတော့လည်း ဟာသဖြစ်နေပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်အနက် ၈၀ ကျော်မှာ ပြည်သူတွေကို စစ်မှုထမ်းစေတဲ့ ဥပဒေတွေ ရှိကြပါတယ်။ အနီးနားက ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံတွေလည်း ရှိကြပါတယ်။ ဒါတွေရဲ့ ရည်ရွယ်ရင်းကလည်း ပြည်ပကျူးကျော်ရန်စမှုတွေ ကြုံလာတဲ့အခါ အင်အားတောင့်တင်းနေအောင်၊ တုံ့ပြန်ဖို့ အဆင်သင့်ရှိနေအောင်ပါပဲ။ မြန်မာနိုင်ငံမှာလည်း ၁၉၆၀ ဝန်းကျင်လောက်က ခဏ ရှိခဲ့ဖူးပါတယ်။
အခုအခြေအနေတွေကတော့ အပြောလွယ်သလောက် အလုပ်ခက်ပါလိမ့်မယ်။ လူထုတွေဟာ အာဏာသိမ်းဒဏ်ကြောင့် အလုပ်အကိုင်တွေရှားပါး၊ စီးပွားတွေ ကျဆင်း၊ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်းတက်လို့ စားဝတ်နေရေးတွေ ကျပ်တည်းနေကြပါတယ်။
တပြိုင်နက်တည်းမှာလည်း စစ်တပ်ကို အလွန်အမင်း နာကြည်းနေကြတဲ့စိတ်အခံတွေလည်း ရှိနေကြပြန်ပါတယ်။ အဲဒီလိုလူတွေကို စစ်တပ်ထဲကို ခေါ်သွင်းပြီး ဘယ်လိုမောင်းနှင်မလဲဆိုတာက စဉ်းစားကြည့်လို့တောင် မရပါဘူး။ ခေါ်သွင်းလို့လည်း ရပါ့မလားပါပဲ။
ဘယ်လိုပဲ အပြစ်ပေးအရေးယူမယ်လို့ ဆိုစေဦးတော့ ရတဲ့နည်းနဲ့ ရှောင်နိုင်၊ လွတ်နိုင်အောင် ကြိုးစားကြမှာပါပဲ။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို လာဘ်ထိုးကြ၊ နယ်စပ်တွေကို ထွက်ပြေးကြတာမျိုးတွေ လုပ်ကြပါလိမ့်မယ်။ အခုတောင်မှ ထွက်လမ်းရှာနေသူတွေရဲ့ အသံတွေကို ကြားနေရပါပြီ။
နောက်တစ်ခုက စစ်တပ်ရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေထဲကို ခြေစုံပစ်ဝင်သွားတာတွေလည်း ပိုပြီးရှိလာစေမှာပါပဲ။
ဘယ်ကိုမှ လွတ်လမ်းရှာမရလို့ စစ်မှုထမ်းရပြီဆိုဦးတော့ စစ်တပ်အနေနဲ့ အဲဒီလူတွေကို သင့်တင့်လျောက်ပတ်အောင် ကျွေးနိုင်၊ ထားနိုင်ပါ့မလားဆိုတာကလည်း မေးခွန်းပါပဲ။
လက်ရှိရှိနေတဲ့ ဦးရေလောက်ကိုတောင်မှ ခြင်းကြားအဆင့်ကတက်အောင် မထောက်ပံ့နိုင်တဲ့အပြင် ဝလင်အောင်လည်း မကျွေးနိုင်လို့ ကြုံလှီပိန်လိန်နေတဲ့ စစ်သည်တွေက သက်သေပါပဲ။ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းဥစ္စာတွေ ယူငင်သွားတဲ့သတင်းတွေကလည်း ပေါများလှပါတယ်။
ပြီးတော့ စိတ်ဓာတ်ပါပဲ။ သူများတကာနိုင်ငံတွေမှာ စစ်မှုထမ်းကြတယ်ဆိုတာက တိုင်းပြည်ကို ချစ်တဲ့စိတ်၊ အစိုးရကို ထောက်ခံတဲ့စိတ်နဲ့ ရန်သူကို တိုက်ခိုက်လိုစိတ်တွေ ရှိကြပါတယ်။ ရည်ရွယ်တာကိုကလည်း တခြားနိုင်ငံတွေနဲ့ စက်မက်ဖြစ်ပွားတဲ့အခါ တိုက်ခိုက်ဖို့ပဲမဟုတ်လား။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ကိုယ့်လူမျိုးအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း တိုက်ခိုက်ရမယ့်အခြေအနေမျိုးပါပဲ။ စစ်တိုက်ခိုက်လိုစိတ်မရှိတဲ့လူတွေကို စစ်မြေပြင်ကို စေလွှတ်တာဟာ အကျိုးကျေးဇူး၊ အကျိုးရလဒ်တွေ ထွက်စေမှာမဟုတ်ပါဘူး။ အခုတောင်မှ အလွယ်တကူ လက်နက်ချတာ၊ ထွက်ပြေးတာတွေ လုပ်နေကြတာပဲ။ အဲဒီအခါကျရင်လည်း အခုထက်ပိုဆိုးကြမှာပါပဲ။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားရှိစေဖို့ နိုင်ငံတည်ငြိမ်အေးချမ်းဖို့၊ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊ စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဒါးတစ်စင်း အကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ပါတဲ့။
ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားရှိဖို့လို့ဆိုတော့ လက်ရှိ စစ်တပ်ရဲ့ ရှက်ဖွယ်လိလိအခြေအနေကို သူတို့ကိုယ်တိုင် သဘောပေါက်နေတဲ့ပုံရှိပါတယ်။ နောက်တစ်ခုဖြစ်တဲ့ နိုင်ငံတည်ငြိမ်ဖို့ဆိုရာမှာတော့ နိုင်ငံမတည်မငြိမ်မအေးမချမ်းဖြစ်နေရခြင်းရဲ့ တကယ့်အကြောင်းရင်းခံက ဘာလဲဆိုတာကို သူတို့အနေနဲ့ နားမလည် ဒါမှမဟုတ် မသိချင်ယောင်ဆောင်ထားပုံပါပဲ။ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့နဲ့ စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဓားတစ်စင်း အကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ဆိုတာကရော ဘယ်သူတွေ ယုံနိုင်မလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ စစ်တပ်ကိုယ်တိုင်ပဲ ဒီမိုကရေစီကို ဖျက်ဆီးပြီး အာဏာသိမ်းခဲ့တဲ့တာမဟုတ်လား။ နိုင်ငံကို ပြည်တွင်းစစ်မီးတောက်တွေထဲကို ဆွဲခေါ်ခဲ့တာကလည်း သူတို့ပါပဲ။ အဲဒီစစ်ပွဲတွေကပဲ စစ်ဘုရင်တွေပေါ်ထွက်အောင်၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဒါးတစ်စင်းတွေ ဖြစ်လာအောင် တွန်းပို့လိုက်တာပါပဲ။
ပြည်သူလူထုရဲ့ အရွယ်ကောင်း၊ အမျိုးကောင်းသားသမီးတွေကို စစ်တပ်ထဲ ခေါ်သွင်းလိုက်ရုံနဲ့ စစ်ပွဲတွေ ငြိမ်းသွားမှာလား။ တစ်ဖက်အဖွဲ့အစည်းတွေ၊ အင်အားစုတွေကို အနိုင်တိုက်နိုင်မှာလား။ ဖြစ်လာနိုင်ခြေရှိတာကတော့ စစ်ပွဲတွေ ပိုပြီး ကျယ်ပြန့်ကြီးမားလာတာမျိုးပါပဲ။ တကယ်တော့ စစ်မှုထမ်းဥပဒေဟာ လူတွေကို ဒုက္ခပေးဖို့သက်သက်ထက် မပိုပါဘူး။
မြန်မာစကားပုံမှာရော၊ ဆိုရိုးစကားမှာပါ ‘ပြည်ညှင်းရင် မင်းမခံနိုင်’ ဆိုတာ ရှိပါတယ်။
ပြည်သူလူထုကို ညှင်းဆဲလွန်းရင် ဘုရင်တွေဟာ သက်တမ်းမရှည်ကြတာကို ဆိုလိုထားတာပါ။ စစ်မှုထမ်းဥပဒေဟာ ဖြစ်ချင်းဖြစ် ပြည်သူကို ညှင်းဆဲဖို့သာဖြစ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်လည်း ကောင်းကျိုးဖြစ်ဖွယ် မမြင်ပါဘူး။ တန်ပြန်ဆိုးကျိုးတွေတောင် ပိုလာနိုင်ပါသေးတယ်။
သံယံ