BREAKING
January 13, 2025

ပုလောတွင် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ဥယျာဉ်ခြံများ သုံးရက်ဆက် လောင်ကျွမ်းနေ

January 13, 2025

ပုလောမြို့နယ် တပိုရွာနှင့် စက်တော်ရာရွာအနီးရှိ ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ သုံးရက်ဆက်တိုက် မီးလောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်နေသူများထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တပိုရွာနှင့် စက်တော်ရာကျေးရွာအနီးရှိ ရော်ဘာခြံများနှင့် လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်‌ကောင်စီတပ်က တပိုကျေးရွာရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးရာမှတစ်ဆင့် ရော်ဘာခြံများကို ကူးစက်လောင်ကျွမ်းသွားကြောင်း တပိုရွာနေဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် အရှေ့ဘက်မှ လေပြင်းတိုက်ခိုက်နေသဖြင့် မီးလောင်အားကောင်းနေပြီး အခြားဥယျာဉ်ခြံများကို ကူးစက်လောင်ကျွမ်းနေကြောင်း ၎င်းက ပြောဆိုသည်။

“ဝါသား‌(ရွာသား)တွေ မီးလိုက်သတ်နေတယ် အခုချိန်ထိ။ မီးသတ်လို့ မငြှိမ်းသေးဘူး” ဟု အဆိုပါဒေသခံက ယနေ့ ဇန်နဝါရီလ ၁၃ရက် ညနေ ၄ နာရီခန့်တွင် ပြောသည်။

မီးလောင်ကျွမ်းသွားသည့် ဥယျာဉ်ခြံ ပမာဏ အကျယ်အဝန်း အတိအကျကို မသိရသေးပေ။

မီးလောင်ကျွမ်းနေသည့် သုံးရက်တာကာလအတွင်း တပိုကျေးရွာအနီးရှိ ဥယျာဉ်ခြံအားလုံးနီးပါး မီးလောင်ကျွမ်းသွားပြီး ရွာအပြင်ပိုင်းကျသည့် ဆီတောင်၊ ဆယ်အိမ်စုတက်လမ်း၊ အထဲလယ်၊ မမ်း(ထမင်း)အိုးတောင် ဟုခေါ်သည့် နေရာများ အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံများလည်း ပြာကျလုနီးပါးဖြစ်သွားကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် တပိုရွာတွင် လောင်နေသည့်မီးက စက်တော်ရာရွာဘက်ကို ကူးစက်လောင်ကျွမ်းနေပြီး ဝိုင်းဝန်းငြှိမ်းသတ်နေရကြောင်း ဒေသခံများက ဆိုသည်။

“အိမ်က မိ(အမေ)ကို ပေးမသိသေးဟ(ဘူး)။ နေမကောင်းဖြစ်မှာစိုးလို့။ ဘယ်လိုလုပ်မလဲ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဒီလိုပဲစိတ်ဖြေနေရတယ်။ မီးက အရှေ့ကသတ်(ငြိမ်း)ပြီးရင် အနောက်က ပြန်လောင်နေပြီ” ဟု ကိုယ်ပိုင်ရော်ဘာခြံ မီးလောင်ပျက်စီးသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကြောင်းထိုးဝင်လာပြီး မီးရှို့ခဲ့သဖြင့် တပိုရွာတွင် နေအိမ်သုံးဆောင်၊ တပိုကျေးရွာနှင့် စက်တော်ရာရွာကြားရှိ နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

တပိုရွာနှင့် စက်‌တော်ရာကျေးရွာရှိ ဥယျာဉ်ခြံများတွင် ရော်ဘာ၊ ကွမ်းသီးကို အဓိကစိုက်ပျိုးထားပြီး သရက်ပင်၊ ဒူးရင်းပင်များလည်း စိုက်ပျိုးထားကြကြောင်း ၎င်းတို့ထံမှ သိရသည်။