ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်နှင့်ရေဖြူမြို့နယ်၊ ဇောတိက-ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ တိုင်းတာရေးစခန်းများအကြားရှိ လမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။
မိုင်းနင်းခံရသည့် အမျိုးသားသည် ဒေသခံမဟုတ်ဘဲ သစ်လုပ်ငန်းတွင် သစ်ဆွဲလုပ်သားအဖြစ် အခြားနေရာမှ လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ဟင်းစားအတွက် ငါးရှာရင်း ချောင်းအနီး မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
အဆိုပါအမျိုးသားတွင် မိုင်းထိသဖြင့် ပေါင်(ခြေတောက်)တစ်ဘက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဖြစ်စဥ်အားသိရှိသည့် ကလိန်အောင်ဒေသခံတစ်ဦးက ပြောသည် ။
မိုင်းနင်းမိသည့် နေရာသည် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအကြားရှိ နေရာတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ စီမံကိန်းများနှင့် နီးစပ်သူ ဒေသခံများထံမှသိရသည်။
ယင်းသို့ မိုင်းနင်းမိပြီးနောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဝန်ထမ်းများကို လမ်းပိုင်းတွင် လုံခြုံရေးဂရုစိုက်ရန် မှာကြားထားသည် ဟု သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဝန်ထမ်းတစ်ဦးက ပြောသည် ။
“၅၂ မိုင် နဲ့ နတ်အိမ်တောင်လမ်းမှာ ကားသမားတွေရော၊ အလုပ်သမားတွေရော မှာထားတယ်။ အပေါ့အပါး (ကျန်းမာရေး) သွားရင် တောစပ်အထိမသွားနဲ့ ပြီးတော့ လမ်းဘေးဝဲယာတွေလည်း သတိထားပြီး သွားဖို့ မှာထားတယ်” ဟု ၎င်းကပြောဆိုသည် ။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် ဓာတ်ငွေ့တိုင်းတာရေးစခန်းများသို့ သွားသည့်လမ်းပိုင်းရှိ မိကျောင်းလှောင်ရွာသစ် နှင့် ရွာဟောင်း တောစပ်များတွင် စစ်ကောင်စီတပ်သားအင်အား ငါးဆယ်ခန့် တောနင်းရှာဖွေနေသည်ဟု ယင်းရွာခံများကပြောသည် ။
မုတ္တမကွေ့ နှင့် တနင်္သာရီ ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို ရေး-ထားဝယ်ကားလမ်းဘေးမှ ခွဲဝင်ရသည့် ၅၂ မိုင်တောင်ရှိ ဓာတ်ငွေ့တိုင်းတာရေးစခန်းများမှ တစ်ဆင့် ထိုင်းနိုင်ငံ (နတ်အိမ်တောင်)ဘက်သို့ ပိုက်လိုင်းများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည် ။