BREAKING
January 13, 2025

ထားဝယ်ဆေးရုံကြီးမှ ညသန်းခေါင်ပျောက်သွားသည့် လူနာကို ပြန်ရှာတွေ့

January 13, 2025

ပုံစာ - ထားဝယ်ဆေးရုံကြီး။ ဓာတ်ပုံ - Dawei Watch

ထားဝယ်ဆေးရုံကြီးတွင် အတက်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးသည် ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်တွင် ပျောက်သွားသဖြင့် လိုက်ရှာရာ ယနေ့ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်တွေ့ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါလူနာမှာ သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာတွင် နေထိုင်သူ ဦးအေးနိုင်ဆိုသူဖြစ်ပြီး ၎င်းသည် ယခင်ကလည်း အတက်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူဖူးကြောင်း မိသားစုထံမှ သိရသည်။

၎င်းသည် ဇန်နဝါရီလ ၁၀ ရက်မှစ၍ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ယမန်နေ့ ည ၁၂ နာရီခန့်တွင် လူနာစောင့်များ အိပ်မောကျနေချိန် ပျောက်သွားခြင်းဖြင့်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ယောင်ပြီးထွက်သွားတာ။ ဆေးရုံတက်တာကတော့ အတက်ရောဂါနဲ့။ (ဆေးရုံကနေ ထွက်သွားတာကို) လူနာက ဘာမှသတိမရဘူး။ အားလုံးကို မေ့နေတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလူနာကို မိသားစုက မြို့ခံပရဟိတအသင်းအချို့၏ အကူအညီဖြင့် ယနေ့ နံနက်တွင် ထားဝယ်မြို့အတွင်း လိုက်လံရှာဖွေရာတွင် နေ့ထက်ဝက်ကြာပြီးနောက် ယနေ့ မွန်းလွဲ ၁နာရီတွင် ထားဝယ်မြို့ ကမ်းနားစျေးအနီး ပြန်လည်တွေ့ ရှိကြောင်း မိသားစုထံမှ သိရသည်။

ပြန်လည်တွေ့ရှိပြီးနောက် ဆေးကုသရန် ထားဝယ်ဆေးရုံကြီးသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။