မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများနှင့် အကူအညီပေးနေသူများထံမှ သိရသည်။
ကျုံလောင်းရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (NMSP-AD)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်နေခြင်းကြောင့် ကျုံလောင်းရွာနှင့် အနီးအနားရှိ ကျောက်မိကျောင်း (တောင်/မြောက်) ဝယ်ပေါင် အစရှိသည့်ကျေးရွာတို့မှ ဒေသခံများ ရေးတောင်ပိုင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“အဓိက တိုက်ပွဲဖြစ်ခဲ့တဲ့ကျုံလောင်း ပြီးတော့ ဝယ်ပေါင်၊ ကျောက်မိကျောင်း အဲရွာတွေက ရွာလုံးကျွတ်ပဲ။ အများစုကတော့ မွန်ပြည်သစ်ပါတီနယ်မြေဘက်ကို ထွက်ပြေးလာကြတယ်။ အချို့ကလည်း နီးစပ်ရာဆွေမျိုးရှိတဲ့နေရာကို ပြေးကြတယ်။ လောလောဆယ် ထွက်ပြေးနေရသူတွေ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်။ မွန်ပြည်သစ်ပါတီဘက် ရောက်နေ့တဲ့လူတွေကိုတော့ မွန်ပြည်သစ်ပါတီက ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာနက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်” ဟု စစ်ရှောင်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသသို့ ထွက်ပြေးတိမ်းရှောက်လာသူ ၄၀၀ ကျော် စာရင်းကောက်ယူရရှိထားပြီး ၎င်းတို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် အသင့်စား ရိက္ခာများကို ကနဦး ထောက်ပံ့ပေးထားသည်ဟု မွန်ပြည်သစ်ပါတီ၊ ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနထံမှ သိရသည်။
ကျုံလောင်းရွာဘက်တွင် ဇန်နဝါရီ ၁၃ ရက်နေ့ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကျုံလောင်းရွာဟောင်းဘက်ကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းကတည်းက အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲတွင် အခြေချတပ်စွဲထားကြောင်း ဇန်နဝါရီ ၁၀ နှင့် ၁၁ ရက်နေ့တွင်လည်း ကျုံလောင်းရွာဟောင်းဘက် စစ်ကောင်စီ အင်အား ထပ်ဖြည့်လာကြောင်း လက်ရှိတွင် ကျုံလောင်းရွာဘက်တွင် စစ်အင်အား ၃၀၀ ထက်မနည်း ဖြည့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
တိုက်ပွဲ ပြင်းထန်နေသည့် ကျုံလောင်းရွာဟောင်းဘက်ကို စစ်ကောင်စီတပ်ဘက်က လမ်းများ ပိတ်ဆို့ထားပြီး စစ်ဆေးမှုများလည်း တင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။