ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဇန်နဝါရီလ ၁၂ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းတွင် နိုင်ငံခြားသားများကို ဈေးရောင်းချခွင့် မပြုထားပေ။
မဟာချိုင်ဒေသ ကထူဘင်းနယ်မြေ အုန်းနွဲ့က ဈေးတစ်ခုကို ထိုင်းနယ်မြေခံ အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀ ဆိုင်ထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါဆိုင်များတွင် ပစ္စည်းများ၊ ငါးများ၊ ဆန်၊ ပန်းနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် ကုန်ပစ္စည်းများကို ရောင်းချနေကြကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများနှင့်အတူ ကမ္ဘောဒီးယား သုံးဦးနှင့် လာအိုနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး အလုပ်သမားများကို တရားမဝင် ခိုင်းစေမှုဖြင့် ထိုင်းနိုင်ငံသား ရှစ် ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။
လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို အရေးယူထားပြီး ကထူးဘင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် စမွတ်စခွန်ခရိုင်ထဲ တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို ဆက်လက်စစ်ဆေးဖမ်းဆီးရန် ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်။
ဇန်နဝါရီလ ၁၀ ရက်ကလည်း ချင်းမိုင်မြို့ ဒွိုင်စကက်ဒေသတွင် ဆံပင်ညှပ်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းလဝကအဖွဲ့က ဖမ်းဆီးခဲ့သေးသည်။
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် မလုပ်ကိုင်ရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
ဝင်ရောက်လုပ်ကိုင်လျှင် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရနိုင်သည်။
Ref: Khaosod, Amrin TV, MC News