တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီ ၁၃) နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးသီးသုံးလုံးဖြင့် နောက်တစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တကူရွာဒေသခံအချို့က ဆိုသည်။
ယင်းသို့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ချိန်တွင် မြေပြင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။
“ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ။ ထိခိုက်သွားတဲ့သူတွေထဲ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာတော်တော်လေး စိုးရိမ်ရတယ်။ အားလုံး နေအိမ်မှာနေရင်း ထိခိုက်သွားကြတာ” ဟု တကူကျေးရွာနေ ဒေသခံတစ်ဦကပြောသည်။
ကနဦးသတင်းအရ ရွာခံအမျိုးသမီးသုံးဦး ဒဏ်ရာရသွားပြီး နီးစပ်ရာဆေးကုခန်းများတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ဆိုသည်။






ယင်းအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တကူရွာရှိ နေအိမ် ၂ ဆောင် လုံးဝပျက်စီးသွားပြီး အခြားနေအိမ် ၂ဆောင်လည်း ထိခိုက်သွားကြောင်း တကူဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ လေယာဉ်ပျံသန်းမှုများကို စောင့်ကြည့်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင် ယနေ့နံနက် ၈နာရီခွဲ မှ ၁၁ နာရီအတွင်း မြိတ်လေတပ်မှ K8W- Jet Fighter(ဂျက်တိုက်လေယာဉ်) ၅ကြိမ်၊ Mi-2 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ ကြိမ် ပျံသန်းခဲ့သည်ဟု ဖော်ပြထားသည်။
“ရွာတွေကို အခုလို ဗုံးကြဲတာကတော့ သူတို့(စကစ)က လူမဆန်တဲ့လုပ်ရပ်ကို လုပ်ခြင်းသာဖြစ်တယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရှေ့မော်တုန်း အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားခဲ့သည်။