BREAKING
January 13, 2025

KNU ထားဝယ်မြို့နယ်တရားသူကြီး၏သား သတ်ဖြတ်အလောင်းဖျောက်ခံရ

January 13, 2025

ပုံစာ - KNU ထားဝယ်မြို့နယ်တရားသူကြီး၏သားဖြစ်သူ စောကညောဒိုစိုး။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ် (ထားဝယ်မြို့နယ်) တရားသူကြီး စောကဲဒို၏ ဒုတိယမြောက်သားဖြစ်သူ သတ်ဖြတ်အလောင်းဖျောက်ခံရကြောင်း KNU တပ်မဟာ (၄) နှင့် အရှေ့တောဒေသခံအချို့ထံမှ သိရသည်။

မြို့နယ်တရားသူကြီး စောကဲဒို၏ သားဖြစ်သည့် စောကညောဒိုစိုးမှာ ဒီဇင်ဘာ ၂၀ ရက်က ၎င်း၏ ကလေးမွေးနေ့အတွက် ပစ္စည်းဝယ်ရန် ထားဝယ်မြို့သို့ သွားစဉ် ပျောက်ဆုံးသွားကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ယင်းနောက် ရက်ပေါင်း ၂၀ ခန့်အကြာ ဇန်နဝါရီလ ၁၀ ရက်တွင် ဝကုန်းကျေးရွာက ရေတွင်းတစ်ခုထဲ၌ အလောင်းကိုပြန်လည်တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“သူ့အလောင်းပေါ်မှာ သူ့ဆိုင်ကယ်လည်း ရှိတာပေါ့နော်။ (သတ်ဖြတ်တဲ့သူတွေ) သူတို့ သွားမြှုပ်ထားတာ၊ ကြိုးချည်ထားတာရှိတယ်” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

အဆိုပါရေတွင်းမှာ ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မမှူး ဗိုလ်အယ်ခွီး (ခ) ဗိုလ်ကော်လဖိုးအဖွဲ့၏ စစ်ဆေးရေးဂိတ်နေရာအနီးတွင်တည်ရှိပြီး ယင်းနေရာအနီးတစ်ဝိုက်တွင် PDF တပ်ရင်းတပ်ဖွဲ့များလည်း မရှိသလို စစ်ကောင်စီတပ်လည်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တရားခံကတော့ ဘယ်သူလဲ မသိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခန့်မှန်းတာတော့ KTLA ကော်လဖိုးတို့အဖွဲ့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ တခြား PDF အဖွဲ့လည်း အဲဒီမှာ မရှိဘူး။ စကစလည်း မရှိဘူးနော်။ သူက တခြားရွာသားနဲ့လည်း ရန်ငြိုးရှိတာမဟုတ်ဘူး။ အဲ့ဒါကြောင့် KTLA အဖွဲ့ပဲ အဲဒီနေရာမှာရှိတယ်ဆိုတော့ ကျွန်တော်တို့က ခန့်မှန်းတာ KTLA က သတ်တာ” ဟု ပဒိုစောအယ်နားက ပြောသည်။

အသက် ၂၈ နှစ်အရွယ် စောကညောဒိုစိုးမှာ အိမ်ထောင်ကျပြီးနောက် KNU မှ နုတ်ထွက်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့နှင့် ပဒိုစောအယ်နားက ဆိုသည်။

“(KTLA) အာမီဂိတ်နဲ့ အနီးဆုံး ရေတွင်းထဲမှာတွေ့လို့ သူတို့သတ်တယ်လို့ပဲ ယူဆပါတယ်။ သူက KNU တပ်ဖွဲ့ဝင်ဟောင်း ဆိုတော့ အဲ့ဒါသိလို့ သတ်တာလည်း ဖြစ်နိုင်ပါတယ်။ သူ့အဖေလည်း မြို့နယ်တရာသူကြီးဆိုတော့” ဟု ကညောဒိုစိုး၏ သူငယ်ချင်းဖြစ်သူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အလောင်းကို ပစ်ချထားသည့်ရေတွင်း ရှိသည့်နေရာမှာ ဒီဇင်ဘာလ ၂၀ ရက်က KNU/KNLA တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည့် ဝကုန်းရွာက KTLA စခန်းဖြစ်ကြောင်း စောကညောဒိုစိုး၏ သူငယ်ချင်းဖြစ်သူ လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပျောက်တုန်းက KTLA (အဲဒီနေရာမှာ) နေနေသေးတယ်” ဟု ၎င်းက ပြောသည်။

စောကညောဒိုစိုးကို KTLA က သတ်ဖြတ်သည်ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်၍ KTLA ဆာကဆောတပ်မ တပ်မဟာမှူး ဗိုလ်အယ်ခွီးကို Dawei Watch က လူမှုကွန်ရက် စာမျက်မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ၎င်းကိုင်ဆောင်သည့် ဖုန်းကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။

KNU တပ်မဟာ (၄) KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)က ဒုတပ်ခွဲမှူး စောဖားဂျိုးကို KTLA က သတ်ဖြတ်ပြီးနောက်တွင် KTLA စခန်းများကို KNLA က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေသည်။