BREAKING
January 13, 2025

မြိတ်-တနင်္သာရီလမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေသဖြင့် ရေလမ်းက ခရီးသွားသူများလာ

January 13, 2025

ပုံစာ - မြိတ် - ကျွန်းစု - တနင်္သာရီပြေးဆွဲနေသည့် အမြန်ရေယာဉ်များ။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသဖြင့် ရေလမ်းမှ ခရီးသွားလာသူ များနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါလမ်းပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ လလယ်ပိုင်းကစကာ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးတင်းမာနေကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပါက ခရီးသည်တင်ကားဖြင့်ပင် သွားလာလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် ရေလမ်းအသုံးပြုသွားလာကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ခရီးသည်ရရှိမှုအပေါ်မူတည်ကာ ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ခရီးစဉ် သုံးကြိမ်မှ ငါးကြိမ်အထိ ပြေးဆွဲနေရကြောင်း အမြန်ရေယာဉ်မောင်းသူအချို့က ဆိုသည်။

ကော့သောင်း-မြိတ်နှင့် ဘုတ်ပြင်း-မြိတ်ခရီးစဉ်များကို ရေလမ်းမှ အမြန်ရေယာဉ်ဖြင့် သွားလာသူများနေခြင်းဖြစ်ပြီး ခရီးအကွာအ‌ဝေးအပေါ်မူတည်ကာ ခရီးသည်တစ်ဦးလျှင် ငွေကျပ်သိန်းဂဏန်းအထိ ပေါက်ဈေးရှိနေသည်။

ကော့သောင်း-မြိတ် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ငွေကျပ် သုံးသိန်း၊ ဘုတ်ပြင်း- မြိတ်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“တနင်္သာရီလမ်းပိုင်းမှာက (ကားနဲ့) မြိတ်က အဆင်း (မြိတ်မှ ဘုတ်ပြင်းနှင့် ကော့သောင်းသို့) ဆို ဖြတ်လို့ရတယ်။ မြိတ်ကိုအတတ် (အသွား) ကျတော့ ပင်ပန်းတယ်။ မြေပြင် အခြေအနေတွေကလည်း မငြိမ်သက်တော့ ရေလမ်းကိုပဲ အားကိုးပြီး သွားလာကြတယ်” ဟု ရေကြောင်းဖြင့် ခရီးသွားခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်များကို Speed Boat (အမြန်ရေယာဉ်) ဖြင့်သာ အဓိက သွားလာကြပြီး စက်လှေဖြင့်သွားပါက ညအိပ်ရသည့်အတွက် ခရီးချိန်ကြန့်ကြာကာ စီးနင်းသွားလာသူနည်းပါးကြောင်း ၎င်းက ဆိုသည်။

အဓိကအားဖြင့် မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့သို့ သွားသည့်ခရီးစဉ်က ပိုများပြီး မြိတ်မြို့နှင့် ကော့သောင်းမြို့ခရီးစဉ်က နည်းပါးကြောင်း အမြန်ရေယာဉ်ခရီးစဉ်များစီစဉ်ပေးနေသည့် မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကုန်းလမ်း(ကား)နဲ့ မသွားချင်တဲ့သူတွေများတယ်။ လမ်းကြောင်း အခြေအနေတွေကြောင့်ပေါ့။ ဘယ်လောက်ကုန်ကုန် ရေလမ်းနဲ့သွားကြတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက အစစ်အဆေးပိုမိုတင်းကျပ်လာပြီး ညဘက်ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည်။

ထိုကြောင့် ခရီးသွားအများစုက ကားဖြင့်ခရီးသွားရန် စိုးရိမ်နေကြပြီး သွားလာသူနည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။