BREAKING
September 19, 2024

မဲသံတောင် ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှု စုံစမ်းနေဆဲ

January 13, 2021

ရေဖြူမြို့နယ်၊ မဲသံတောင်ကျေးရွာနေ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အားစိုက် စုံစမ်းနေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အသက် ၁၇ နှစ်နှင့် ၁၄ နှစ်အရွယ် အမျိုးသားဆယ်ကျော်သက် နှစ်ဦးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြတ်ရှဒဏ်ရာများဖြင့် လမ်းပေါ်တွင် သေဆုံးနေသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သတ်ဖြတ်သွားသူအား ဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ဒုတိယ တိုင်းရဲတပ် ဖွဲ့မှူးက ဆိုသည်။

“ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ က အပူတပြင်း စုံစမ်းနေပါတယ်” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

လက်ရှိတွင် စုံစမ်းစစ်ဆဲဖြစ်သည့်အတွက် အသေးစိတ်ထုတ်ပြော၍မရဘဲ တရားခံဖမ်းဆီးရမိချိန်မှသာ ထုတ်ပြန် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖြစ်စဉ်မှာ မဲသံတောင်ကျေးရွာနေ ဖခင်ဖြစ်သူက ဓနိသကြားကျေးရွာရှိ မိခင်ဖြစ်သူထံ မျက်စဉ်းဆေးပေးရန် ဆယ်ကျော်သက် ညီအကိုနှစ်ဦးအား ဆိုင်ကယ်ဖြင့် ညနေ ၅ နာရီခန့်တွင် စေလွှတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ညနေ ၆ နာရီခန့်တွင် အဆိုပါ ညီအစ်ကိုနှစ်ဦးက မိခင်ဖြစ်သူထံ ရောက်မလာသေးသဖြင့် သွားရှာရာ မဲသံ တောင်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာ (ဒညင်းပင်ချောင်း) လမ်းဘေးတွင် ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

၎င်းတို့စီးသွားသည့် ဆိုင်ကယ်မှာ အခင်းဖြစ်နေရာဘေးတွင်ပင် ရပ်ထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကံပေါက် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ နှစ်လောင်းပြိုင်လူသတ်မှုအပြင် လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုတွင်လည်း တရားခံ ဖမ်းမိခြင်းမရှိသေးပေ။