BREAKING
January 3, 2025

ထိုင်းတွင် မြန်မာ ၃၀ကျော် ဖမ်းဆီးခံရ

November 12, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နှင့် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် မြန်မာနိုင်ငံသား ၃၀ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများနှင့် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တို့တွင် ဖော်ပြသည်။

ထိုင်းတွင် တရားမဝင်နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အန်စာတုံးကားဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

၎င်းတို့ထံမှ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများကို မတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားသည်။

ယနေ့တွင်ပင် ထိုင်း-မလေးရှားနယ်စပ်ဖြစ်သော စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် မြန်မာနိုင်ငံသား ၂၅ ဦးနှင့် ထိုင်းကားသမားတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ဆိုသည်။

ထိုင်းလဝကအဖွဲ့များက စူရတ်ဌာနီခရိုင်မှလာသော ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ ကားပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား လေးဦးနှင့် ထိုင်းနိုင်ငံသားကားသမားတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

အဆိုပါကားဖြင့် သွားရောက် ပို့ဆောင်မည့် ဟတ်ယိုင်ဒေသအတွင်းရှိ သုံးခန်းတွဲ တန်းလျားကို ဆက်လက် ဝင်ရောက် စစ်ဆေးခဲ့ရာ အခန်းထဲနေထိုင်နေကြသော မြန်မာနိုင်ငံသား နောက်ထပ် ၂၁ ဦးကို ထပ်မံဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသားများကို ထမင်းနှင့် ရေဗူးလာပို့ပေးသူလည်း ပါဝင်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

၎င်းတို့သည် မလေးရှားနိုင်ငံသို့သွားရန် ပွဲစား လာရောက်ခေါ်ဆောင်မည်ကို စောင့်ဆိုင်းနေကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားတစ်ဦးစီအတွက် ပို့ဆောင်ခ ဘတ် ၁၅၀၀ ရရှိသဖြင့် ပို့ဆောင်နေခြင်းဖြစ်ကြောင်း ထိုင်းကားသမားက ပြောဆိုသည်။

ဖမ်းဆီးခံရသူအားလုံးကို ရဲစခန်းသို့ ပို့ဆောင်ထားပြီး လူကုန်ကူးနေသော ဂိုဏ်းကိုလည်း ရဲတပ်ဖွဲ့က ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော အောက်တိုဘာလကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၈၀ ကျော်အထိ ဖမ်းဆီးခံရပြီး အလုံပိတ်ကားထဲ အသက်ရှူကျပ်ပြီး သုံးဦးသေဆုံးခဲ့သည်။

Ref: Kanchanaburi News, စန်ခရာဘူရီရဲတပ်ဖွဲ့, MGR Online, ตัวพ่อสงขลา